မြစိမ်းတောင် တရားရိပ်သာ ယောဂီဆောင် ဆောက်လုပ်ရေးအလှူတော်  
 

မြစိမ်းတောင် ယောဂီဟောင်းများနှင့် ဓမ္မမိတ်ဆွေများအား သတင်းကောင်းပါးလိုပါတယ်။

ယခင်ကတည်းက နီးစပ်ရာ မိတ်ဆွေအချို့နှင့် စုပေါင်းပြီး ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာ အရှေ့ဘက် ရိုးမတောထဲရှိ မြစိမ်းတောင်တရားရိပ်သာ၌ ယောဂီများတစ်စုတစ်ဝေး နှင့် ကျယ်ကျယ်ပြန့်ပြန့် စိတ်လက်ချမ်းသာစွာ သီတင်းသုံးနေထိုင်နိုင်ရန် အဆောက်အဦးသစ် ဆောက်လုပ်ပေးဖို့ ဆန္ဒရှိခဲ့ပါတယ်။ မြစိမ်းတောင်ဆရာတော်ဘုရားရဲ့ တောရတရားရိပ်သာဟာ အခြားရန်ကုန်မှာရှိတဲ့ တရားရိပ်သာတွေလို ပြည့်ပြည့်စုံစုံရှိမနေဘဲ ချို့တဲ့လှကာ ယောဂီများဟာ သစ်ကျောင်း၊ ဝါးကျောင်းများ အတွင်း၌သာ နေထိုင်ကြရပါတယ်။

သံဃာတော်များသတင်းသုံးရာ ကျောင်းဆောင်များ

လက်ရှိယောဂီများနေထိုင်တဲ့နေရာ

အချို့ကျောင်းဆောင်များ၏ အမိုးများမှာ လုံခြံမှုမရှိသည့်အတွက် အခါမလင့်မိုးရွာပါက တရားအားထုတ်သူယောဂီ များအတွက် လွန်စွာမှ အဆင်မပြေဖြစ်ရပါတယ်။

တရားထိုင်ခန်းမကျယ်ကြီးသာ RCကွန်ကရစ်နဲ့ ဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်အနည်းငယ် ခန့်က တက်လမ်းဆောက်လုပ်ရေး ဦးရှိန်ဝင်းနှင့် ရန်ကုန်မှ ဒကာအချို့ဦးစီးပြီး ဆောက်လုပ်လှူဒါန်းခဲ့ခြင်း ဖြစ် ပါတယ်။

ခမ်းမဆောင်အားအပြင်ဘက်မှမြင်ရပုံ

ယခင်က ဆရာတော်ကြီးကိုယ်တိုင် သီတင်းသုံးသော ကျောင်းမှာလည်း ပျဉ်ထောင်၊ သက်ကယ်မိုး ကျောင်းလေးမျှသာ ဖြစ်ပါတယ်။ စင်္ကာပူမှယောဂီဟောင်းများဖြစ်သော သဒ္ဓါတရားထက်သန်လှသည့် ကိုညိုအောင်ခင်၊ မဆွေဆွေမြင့် မိသားစုက မကြာမီက (၂၀၁၀ ဖေဖော်ဝါရီလ)မှ ဆရာတော်ကြီး သီတင်းသုံးရန်အတွက် သိန်း ၁၈၀ခန့် ကုန်ကျသော တိုက်ကျောင်း တစ်ဆောင် ဆောက်လုပ် လှုဒါန်းခဲ့ပါတယ်။ ထိုဇနီးမောင်နှံအား ဤနေရာမှ သာဓု ခေါ်လိုက်ပါတယ်။

မကြာမီကမှ ရေစက်ချလှူဒါန်းထားသော ဆရာတော်စံကျောင်းတော်အား တွေ့ရစဉ်။

 

ဘေးဘက်မြင်ကွင်း

အကြောင်းအကျိုးညီညွတ်စွာဖန်လာ၍ ယခုနှစ်(၂၀၁၀၊ တရုတ်နှစ်ကူးပိတ်ရက်၊ ကိုတာတင်ဂီ၊မြို့၊ မလေးရှား) တရား စခန်း အပြီးမှာ စင်္ကာပူမှယောဂီဟောင်းများ ဖြစ်ကြတဲ့ မတင်တင်ခိုင်နှင့် မကျင်ကျင်ရီတို့ ညီမနှစ်ယောက်မှ ယောဂီ၄ဦး နေထိုင်နိုင်သော ယောဂီဆောင် ဆောက်လုပ်ရန် အတွက် မတည်ငွေကျပ်သိန်းငါးဆယ်ကို မြစိမ်းတောင်ဂေါပကအဖွဲ့အား ဆက်သွယ် လှူဒါန်းခဲ့ပါတယ်။ ဂေါပကအဖွဲ့ဝင်အချို့နဲ့ အလှူရှင်များကို ကျနော်တို့ ဖုန်းဖြင့်ဆက်သွယ်ပြီး ယောဂီအများအပြားနေထိုင်နိုင်တဲ့ အဆောက်အဦးအသစ် ဆောက်လုပ်ဖို့ အကြံပြုခဲ့ပါတယ်။ ဆရာတော်ဘုရားကြီး၊ အလှူရှင်များနဲ့ ဂေါပကအဖွဲ့တို့၏ သဘောတူခွင့်ပြုချက် ရပြီးနောက် စင်္ကာပူနှင့် ရန်ကုန်တွင်လည်း ဆက်လက်ပြီး အလှူငွေကောက်ခံပေးမည်ဟု ကတိပြုခဲ့ပါတယ်။

ခန့်မှန်းခြေ ကုန်ကျစရိတ်မှာ ကျပ်သိန်း ၇၅၀ ခန့်ဖြစ်ပြီး အဆောက်အဦးသစ်အတွက် လိုအပ်သော ဒီဇိုင်းပုံစံများ ရေးဆွဲခြင်း၊ တိုင်းထွာခြင်းများ ပြုလုပ်နေပြီဖြစ်ပါတယ်။ ယခုအချိန်အထိ သိန်းတစ်ရာခန့် ကောက်ခံရရှိထားပြီး၊ ယခုစီမံကိန်းအတွက် လိုအပ်လျက်ရှိသော ငွေပမာဏကို စုပေါင်းကောက်ခံပေးသွားမှာ ဖြစ်ပါတယ်။ ဤတရားရိပ်သာ အဆောက်အဦးသစ် ဆောက်လုပ်ပြီးစီးသွားပါက စင်္ကာပူနှင့် အခြားနိုင်ငံများ၊ ရန်ကုန်နှင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ယောဂီများ ဥတု သုံးပါးမရွေး အဆင်ပြေစွာ သွားရောက် တရားအားထုတ်နိုင်မှာ ဖြစ်ပါတယ်။

အဆိုပါအဆောက်အဦမှာ RC ၂ ထပ်ဆောင်ဖြစ်ကာ ယောဂီနှစ်ယောက် ခန်းပေါင်း ၄၀ခန်း ပါဝင်ပြီး၊ ပြီးစီးပါက ယောဂီ ပေါင်း ၈၀ ခန့်စိတ်အေးချမ်းသာစွာ သီတင်းသုံးနေထိုင်နိုင်မှာဖြစ်ပါတယ်။ ယောဂီဆောင်ဆောက်လုပ်လှုဒါန်းခြင်းနှင့် ပတ်သက်ပြီး ၉ပေx၁၀ပေ အကျယ်ရှိ ယောဂီနှစ်ယောက်အိပ်ခန်းတစ်ခန်းကို လက်ရှိကာလပေါက်ဈေးဖြင့် မြန်မာငွေ ၁၂သိန်း ခန့် (စင်္ကာပူဒေါ်လာ ၁၆၂၀) ဝန်းကျင်ဖြင့် စတင်လှူဒါန်း နိုင်ပြီဖြစ်ပါတယ်။ အဆိုပါတစ်ခန်းစာ အတွက် S$၁၆၂၀ကို လစဉ် S$၉၀ အရစ်ကျ (installment) စနစ်ဖြင့် ၁၈ လ ကြာပေးသွင်းခြင်းဖြင့်၎င်း၊ မိမိတို့ ကိုယ် ပိုင် အစီအစဉ်ဖြင့် အဆင်ပြေသလို ပေးသွင်းခြင်းဖြင့်၎င်း စတင်လှုဒါန်းနိုင်ပြီဖြစ် ပါတယ်။ အလှုရှင်များ၏ အမည်များကို သာဓုခေါ်ဆိုနိုင်ရန်အတွက် မိမိတို့မိသားစုအမည်ဖြင့်ဖြစ်စေ၊ မိတ်ဆွေသူငယ်ချင်း များနှင့် စုပေါင်းပြီးဖြစ်စေ ကဗျည်းထိုး ပေးမှာဖြစ်ပါတယ်။

အိပ်ခန်းတစ်ခုအနေဖြင့် မဟုတ်ဘဲ အဆောက်အဦးအတွက်၊ အခြားမရှိမဖြစ်လိုအပ်သည့်နေရာများ (ရေချိုးခန်း၊ အိမ်သာ၊ စြင်္ကန်လျှောက်လမ်း၊ လှေခါး အစရှိသည်များ )အတွက် လှူဒါန်း လိုသူများလည်း အဆင်ပြေသလို လွတ်လပ်စွာ နည်းများမဆို သဒ္ဓါတတ်အားသရွေ့ပါဝင်လှူဒါန်းနိုင်ပါတယ်။

မိတ်ဆွေတို့အနေဖြင့်လည်း ရိပ်သာဆောင် ဖြစ်မြောက်ရေးအတွက် ကိုယ်တိုင်လည်း ပါဝင်လှူဒါန်းရုံသာမက မိသားစုဝင်နဲ့ သူငယ်ချင်း မိတ်ဆွေများအကြား နိဗ္ဗာန်အကျိုးရည်မျှော်၍ တိုက်တွန်းနှိုးဆော်ကာ ကောက်ခံပေးမည်ဆိုပါက ကျွန်တော်တို့အနေဖြင့် အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်ရှိမှာ ဖြစ်ပါတယ်။ ယခုတင်ပြအပ်သော ယောဂီတရားရိပ်သာ အဆောက်အဦးသစ် ဆောက်လုပ်ရေးအတွက် လှုဒါန်းမှုတွင် ပါဝင်လိုသောဆန္ဒများရှိခဲ့ပါက အောက်ပါပုဂ္ဂိုလ်များသို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

ကိုသိန်းစိုး +၆၅-၉၆၃၈၈၃၇၉ thein.soe@yaskawa.com.sg
မကျော့ကျော့ခိုင် +၆၅-၉၈၄၄၆၁၂၀ kyawtkk@gmail.com
ကိုဇော်မိုးစံ +၆၅-၉၁၇၁၄၃၅၀ zawmoesan@yahoo.com.sg

လှူဒါန်းရန် Account No - POSB Saving 024-47034-2

( လှူဒါန်းလိုသည့် မည်သည့် ငွေပမာဏမဆို ဝမ်းမြောက်စွာ လက်ခံကြိုဆိုပါသည်။ )

အသေးစိတ်သိလိုသော အကြောင်းအချက်များရှိပါက ကျနော်တို့အား အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

မြစိမ်းတောင်ကျောင်းတွင် ယောဂီဆောင် ဆောက်လုပ်လှူဒါန်းမည်ကြားကတည်းက နီးစပ်ရာ မိတ်ဆွေ ယောဂီ ဟောင်း များမှ သဒ္ဓ္ဓါ တရားထက်သန်စွာ စတင် လှူဒါန်းကြ၊ စာရင်းပေးကြပါတယ်။ ထိုလှူဒါန်းကြသူများ အထဲတွင် အရှင်ဆန္ဒ္ဒာဓိက(ရွှေပါရမီတောရ) ရဲ့ ခမည်းတော်ကြီး ဦးစိန်ဝင်းနဲ့၊ မြစိမ်းတောင်ရိပ်သာမှာ တရား သွားရောက် အားထုတ် ဘူးတဲ့ မယ်တော်ကြီး ဒေါ်သိန်းသိန်းတို့လည်းအပါအဝင်ဖြစ်ပါသည်။ အဆိုပါအလှူရှင်စာရင်းကို (ဒီနေရာမှာ ဖတ်ပါ)ကြည့်ရှု၍ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ပါတယ်။

မိတ်ဆွေများအားလုံးလည်း ကျနော်တို့၊ ကျမတို့နှင့်အတူ ယောဂီဆောင် ဆောက်လုပ်လှူဒါန်းရာတွင် နည်းများမဆို ကုသိုလ်ပါဝင်ဖို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။

ဤသို့လှူဒါန်းရာတွင် ဉာဏ်ဦးစီးသောပါရမီမြောက်ကုသိုလ်ဖြစ်ရန် သာသနာတော်ကြီး စည်ပင်ပြန့်ပွားလိုစိတ်၊ မဂ်၊ဖိုလ် နိဗ္ဗာန် ရကြောင်း အထောက်အပံ့ဖြစ်လိုစိတ်နှင့် ကုသိုလ်ပြုမည်ဆိုပါက အမှန်တကယ်ပင် နိဗ္ဗာန်ရောက်သည်အထိ အကျိုးပေးမည့် အားကြီးသော အကြောင်း အထောက် အပံ့ဖြစ်မှာ အသေအချာပင်ဖြစ်ပါတယ်။

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ။

မေတ္တာမွန်ဖြင့်
မြစိမ်းတောင်ကျောင်း ယောဂီဆောင်ဖြစ်မြောက်ရေးအဖွဲ့(စင်္ကာပူ)
--------------------------------------------------------------------------------------------
မြန်မာပြည်တွင် လှူဒါန်းလိုသူများ အောက်ပါပုဂ္ဂိုလ်များထံဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ဦးတူး (၀၁-၅၅၄၉၀၀)
ဦးဝင်း (၀၁-၂၉၇၃၀၀)
ဦးအောင်ဝင်း (၀၁-၅၅၄၉၀၀)
(မှတ်ချက်။ ။ မြန်မာပြည်တွင် လှူဒါန်းသူများ ဤwebsite ရှိအလှူရှင် စာရင်းတွင် ဖော်ပြနိုင် မည်မဟုတ်ပါ)
 
Posted on 16 April 2010