မဂ္ဂင်ဖောင်စီး ကိုးရက်ခရီး                       ရေးသူ ချစ်ကြည်အေး (၂၀၁၀ ယောဂီ)

မူရင်းလင့်ခ်

၂၀၀၈တုန်းက တရားစခန်း တခုအပြီးမှာ စီစဉ်သူ KZMS နဲ့ ကျမ စကား ပြောဖြစ်ခဲ့ပါ တယ်။ မြစိမ်း တောင် တောရ ဆရာတော် ဘုရားကြီး ရဲ့ တရားတွေ အလွန်ကြိုက်ကြောင်း ပါ။ အဲဒီမှာ သူက သူလည်း အလွန် ကြိုက်ကြောင်း၊ ဆရာတော်ကြီးကို ပင့်လျောက်ပြီး တရားစခန်း တခု စီစဉ်ချင်တဲ့အကြောင်းတွေ ပြောလာပါတယ်။ ဒါနဲ့ ကျမလည်း ဝမ်းသာအားရနဲ့ ဖြစ်အောင် စီစဉ်ဖို့ နဲ့ ဖြစ်ခဲ့ရင် ကျမ ဝင်ဖြစ်အောင် ဝင်ပါမယ့် အကြောင်း ပြောခဲ့ပါတယ်။ ခုတော့ စီစဉ်သူ ကလည်း ဖြစ် အောင်စီစဉ်ခဲ့သလို အားထုတ်ချင် သူကလည်း ဖြစ်အောင် အားထုတ် ခဲ့ပါပြီ။ အဲဒါကတော့ မလေးရှား နိုင်ငံ ကိုတာတင်ဂီမြို့မှာ 13Feb ကနေ 21Feb အထိ ကျင်းပစီစဉ် ခဲ့တဲ့ ၉ရက်တာ တရား စခန်း ကြီးပါပဲ။ 

စပ်မိလို့ ပြောပြပါအုံးမယ်။ တကယ်တော့ ကျမ အမျိုးသားက ကျမ I.C ကြိုက်မှန်း သိလို့ လက်မှတ် ၂စောင် ဝယ်ထားခဲ့တာပါ။ မနှစ်ကလည်း I.C လာချိန်မှာ ကျမက သီလရှင်ဝတ်ကြီး နဲ့ အိန္ဒိယ ဗုဒ္ဓဂါယာ ကို ရောက်နေခဲ့တာပါ။ ဒါ့ကြောင့် ဒီနှစ်တော့ I.C Show ကြည့်ဖြစ်ဖို့ အားခဲ ထားခဲ့တာပါ။ နောက် သူ ငယ်ချင်းတွေအိမ်မှာ နှစ်ကူး ပိတ်ရက် ဆုံကြဖို့လည်း စီစဉ်ခဲ့သေး တာပါ။ ဒါပေမဲ့ ကျမက ရွှတ်နောက် နောက် ကျမ အကျင့်အတိုင်း " I.C ဂရုလိုက်ဖ်ရှိုး (Group Live Show)က နှစ်တိုင်း လာပါတယ်ဟာ ဆရာတော်ကြီးက နှစ်တိုင်း လာဖို့မလွယ်တဲ့ ဝမ်းမန်းရှိုး (One Man Show) မို့လို့ ငါတော့ တရားစခန်းပဲ ဝင်တော့မယ်" လို့ သူငယ်ချင်း တွေကို စ နောက် ခဲ့သေးတာပါ။ 

ကျမ နဲ့ အတူ တိုင်ပင်မထားပဲ ကျမရဲ့ သူငယ်ချင်း တယောက်လည်း ဝင်ဖြစ်ခဲ့ပါတယ်။ သူက တရား အားထုတ်ဖို့ အလွန် လိုလားသူ ပီပီ စခန်းမဝင်ခင် ကျမ နာဖို့ တရားခွေကို အိမ်တိုင်ရာ ရောက် ပို့ပေး ခဲ့ပါသေးတယ်။ ပြီးတော့ မထင်မှတ်ပဲ သူနဲ့ကျမ ရဲ့ ယောဂီနံပါတ် စဉ်က အစဉ်လိုက် ဖြစ်နေခဲ့လေတော့ အိပ်ရာ ဘေးချင်း ကပ်လျက်သား ဖြစ်နေခဲ့ပြန်ပါတယ်။ ဒါကြောင့် တယောက် နဲ့ တယောက် စကား မ ပြောကြကြေး ကတိထားခဲ့ကြပါတယ်။ 

ရိပ်သာ ရဲ့ အချိန် ဇယားအရ မနက် ၄ နာရီ ၁၅ မှာ ဘုရားရှိခိုး၊ တရားစထိုင်ရမှာ ဖြစ်ပြီး အိပ်ရာထချိန် မနက် ၄နာရီလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အမျိုးသမီးယောဂီတွေ များတာမို့ တချို့ က ၃နာရီ ထ ရေချိုး မှာ ကျမတို့ အရင် အတွေ့အကြုံ အရ သိနေလေတော့ ကျမ က မနက်ဆို ၂နာရီခွဲမှာ အိပ်ရာထပါတယ်။ ကျမတို့ နှစ်ယောက်လုံးက အအိပ်ဆတ် သူတွေမို့ သူ ဖျတ်ကနဲထရင် ကျမလည်း နိူးရ ပါ တယ်။ ရေချိုး ခန်းက ရေပူမရှိတာမို့ ရေအေးနဲ့ပဲ အေးတယ် အေးတယ် မှတ်ပြီး ချိုးခဲ့ရပါတယ်။ သီလရှိနေတဲ့ အချိန်မို့ လို့ ထင်ပါရဲ့ အိပ်ချိန် ၄နာရီ ကျော်ကျော် ပဲရှိပေမဲ့ မနက်နိူးတိုင်း လန်းဆန်းနေပြီး ရေအေးနဲ့ ချိုးပေမဲ့ နှာတောင် မစေးခဲ့ ပါဘူး။ 

ကျမ အထင်မှားသွားတာက ဆရာတော်ကြီးက တပါးတည်း မဟုတ်ပါဘူး လက်ထောက် တရားပို့ ဆရာ တော် နှစ်ပါး နဲ့ ကြွလာခဲ့တာပါ။ အဲဒီ တရားပို့ ဆရာတော် နှစ်ပါးရဲ့ အခန်းကဏ္ဍက တကယ် အရေးကြီး လှပါတယ်။ ကျမတို့ နိဗ္ဗာန်ခရီးသွား ယောဂီတွေကို မဂ်ဖိုလ်ခရီး မှာ လမ်းညွှန်ဖို့ ဆိုတာ လမ်းပြတဲ့ ဆရာ ကိုယ်တိုင် ရောက်ဖူးပြီးသား ဖြစ်မှသာ လမ်းပြ နိူင်တော့မှာပါ။ အဲဒီ ဆရာတော် နှစ်ပါးရဲ့ ပြောဆို လမ်း ညွှန် တရားပို့ပုံ အိန္ဒြေ အနုအရင့်ကို ကြည့်တာနဲ့ ဆရာတော် နှစ်ပါးဟာ သံသရာမှာ ထောက်တည်ရာ ရထားပြီး သူတွေ ဆိုတာ ကျမ သေချာပြောနိူင်ပါတယ်။ 

ကျမရဲ့ ဘာကိုဖြစ်ဖြစ် ပျော်စရာဘက်က လှည့်တွေးတတ်တဲ့ အကျင့်ဟာ အစ တရက်၊ နှစ်ရက်မှာ ကျမ ကို ဒုက္ခ ကောင်းကောင်း ပေးခဲ့ ပါတယ်။ ဒုတိယရက်မှာပေါ့ သမာဓိ ထူထောင်စဉ်မှာ ကျမရဲ့ မျက်နှာ တခုလုံးပေါ် ပုရွက်ဆိတ်တွေ တက်လာသလို တရွရွနဲ့ ခံစားနေရတာ အူထဲကကို ယားတက်လာပြီး သမာ ဓိ တည်ငြိမ်အောင် ကြိုးစားပြီး မှတ်နေတုန်းမှာ တရားပို့ ဆရာတော်က "တခါတလေ မိမိတို့ ကိုယ် ပေါ်ကို အကောင်လေးတွေ တက်လာသလို ရွရွ ရွရွ နဲ့ ဖြစ်လာလိမ့်မယ် ၊ ရွရင် ရွတယ် ရွတယ် လို့ မှတ် ပါ" တဲ့...။ "ဘုရား ဘုရား ဆရာတော် ငါတရွရွ ဖြစ်နေတာ ဘယ်လိုလုပ် သိသွားပါလိမ့် ဟိဟိ" ဆိုပြီး မျက်နှာကြီးက ပြုံးပြုံး ပြုံးပြုံးနဲ့ ဖြစ်လာပါတော့တယ်။ ဘယ်လောက်များ ဆိုးလိုက်ပါလိမ့်နော်၊ မသိရင်ဖြင့် ဒီယောဂီနှယ် သုခ ဝေဒနာတွေ ခံစားပြီး ပီတိ ဂွမ်းဆီထိသလို ဖြစ်နေတယ် ထင်စရာ.... 

၅ရက်မြောက်နေ့ တရားစစ်တဲ့ အခါ ယောဂီတွေအားလုံး ဝေဒနာပြပွဲတွေ လုပ်ကြပါတော့ တယ်။ ဒုက္ခ ဝေဒနာရဲ့ နှိပ်စက်ပုံတွေကို ဆရာ တော်ထံ သူ့ထက်ငါ ပြောကြ လျောက်ကြပါ တော့တယ်။ အဲဒီအချိန် မှာ ယောဂီအားလုံးရဲ့ ကိုယ်လုံးတွေဟာ ကိုင်ရိုက်ထားသလို နာကျင် နေတော့တာကိုး။ တပည့် တော် ခြေသလုံးကြီးဖြင့် ကွဲထွက်တော့မလို၊ တပည့်တော် ပေါင်ထဲ ကို သံဆူးခွေနဲ့ လှိမ့်သလို ဘာညာ ပေါ့ လေ၊ သက်သာတဲ့သူများ တယောက်မှ မရှိပါဘူး။ ဒါနဲ့ ဆရာတော်က ရုပ်နာမ်တွေရဲ့ မပြတ်မလပ် နှိပ် စက်ပုံကို ဟောပြပြီး ကိလေသာ ကြီးမား လေ၊ ပိုနှိပ်စက်နာကျင်ရလေ ဆိုတော့ကာ ကျမတို့ ယောဂီ တွေ အားလုံးခမျာ ကိလေသာတုံးကြီး တွေ ဖြစ်သွားပါတော့တယ်။ 

နေ့ဆွမ်းစားတဲ့ အခါမှာလည်း ကျမတို့ သူငယ်ချင်း ၂ယောက်က တစားပွဲထဲ ဘေးချင်းကပ် ဖြစ်ပြီး အ မှတ်စိပ်သူတွေမို့ အမြဲ နောက်ဆုံးမှ စားပြီးပါတယ်။ ဇယားအရ ဆွမ်းစားပြီးရင် စြင်္ကန်လျောက်ရမှာမို့ မလျောက်ခင် ကျမ အိပ်ဆောင်ပေါ် တခေါက် ပြန်တက်ပြီး သွားတိုက် လေ့ရှိပါတယ်။ အဲဒီမှာ တချို့ ယောဂီ ညီမငယ်လေးများက လျောင်းပြီး မှတ်နေတာလေးတွေ တွေ့ရပါတယ်။ ကြိုးစားကြ ရှာပါတယ် တခေါခေါ နဲ့ ပေါ့လေ။ တချို့ ယောဂီ ညီမငယ်လေးများ ကတော့ စာကလေးတွေလို ပကျိ ပကျိနဲ့ စကား ခိုးပြော နေကြပါတယ်။ ဪ သူတို့ခမျာ ဒီအရွယ်လေးတွေနဲ့ တရားစခန်း ဝင်ဖို့ အသိရှိတာကိုကပဲ ချီး ကျူးစရာ မဟုတ်ပါလား။ ကျမတို့တုန်းက ဒီအရွယ် ကဲကောင်း တုန်း ၊ ဆိုးကောင်းတုန်းလေ။ 

နောက်ရက်တွေ မှာတော့ အရှိန် နှေးချစရာ မလိုတော့အောင်ကို ခြေထောက်တွေ၊ ဒူးတွေက နာလာပြီး ယောဂီ အားလုံး လမ်းလျောက် တိုင်း ဂျွတ်ဂျက် နဲ့ မြည်သူကမြည်၊ တကျွတ်ကျွတ်နဲ့ အိမ်မြှောင်ဘဝ ရောက်သူတွေ ရောက်ကုန်ကြပါတော့တယ်။ ၆ ရက်မြောက်နေ့မှာ ဆရာတော် ကြီး မနက်ပိုင်း အလုပ် ပေးတရား နာနေစဉ် ကျမ ရင်ဘတ်အောင့်ပြီး အသက်ရှုမဝ၊ ပါးစပ်က လည်း ဆရာတော်ကြီး တရားချ ပေးတာ လိုက်မဆိုနိူင်တော့အောင် မောလာတာနဲ့ အသာလေး ငြိမ်ပြီး ခံစားရသမျှကို မှတ်နေလိုက် ပါတော့တယ်။ 

ပြီးမှ ဆရာဝန်ဆိုတဲ့ အန်ကယ်ကြီးကို ကျမ နေလို့ သိတ်မကောင်းကြောင်း ပြောခဲ့တာနဲ့ သူက ဆေးခန်း လေးထဲ ခေါ်သွားပြီး စစ်မေးပါတယ်။ ဟိုဒီ စမ်းသပ်ပြီး အိပ်လို့ရရဲ့လား၊ စားရော စားနိူင်လား မေးပါ တယ်။ ဒါနဲ့ ကျမလည်း အိပ်လို့ရကြောင်း၊ စားတာ ကတော့ မစားနိူင်ပဲ ပန်းကန် တဝက်ပဲကုန်ကြောင်း ပြောပြလိုက်ပါတယ်။ အဲဒီနေ့ နေ့ဆွမ်းစားတော့ အံ့ဩဖွယ် တပန်းကန်လုံး တက်တက်ပြောင် စားလိုက် နိူင်ပါတယ်။ ဆရာဝန် အန်ကယ်ကြီးက စားပြီးလို့ ထမင်းစားဆောင်က အထွက်၊ ကျမဘေးက အဖြတ်မှာ လူနာတယောက် ဖြစ်တဲ့ ကျမဘက် မျက်လုံးဝေ့ အကြည့်၊ ကျမဖြင့် တက်တက်ပြောင် နေတဲ့ ပန်းကန် ကြီး ဘယ်နား ဖွက်ထားရ မှန်းမသိ ဖြစ်ခဲ့ရပါသေး တယ်။ အဲဒီနေ့ကျမှ တိုက်ဆိုင်လိုက် တာများ... ပြောပါတယ်...။ 

ဆရာတော် ဘုရားကြီး ဟောကြားတော်မူ ခဲ့တာတွေကလည်း တကယ့်ကို အနှစ်တွေ ချည်းပါပဲ။ ကျမတို့ ယောဂီတွေ ကြိုးစားချင်အောင်၊ အားတက်လာအောင် တကယ်ကို ခန္ဓာ ဉာဏ်ရောက် သစ္စာဆိုက် အောင် ဟောကြားတော် မူပါတယ် ။ တရားပို့ ဆရာတော် နှစ်ပါးရဲ့ စေတနာ၊ မေတ္တာတွေကလည်း အားထုတ်သူတွေ အပေါ် အလွန် ကြီးမားလှပါတယ်။ အင်မတန် တိုတောင်းတဲ့ ၉ရက် ပါပဲလို့ ကျမ ခံစား ခဲ့ရပါတယ်။ ဆရာတော် ၃ပါးရဲ့ကျေးဇူး တွေကို ကန်တော့ရင်း၊ စီစဉ်သူရဲ့ အားထုတ်မှုတွေကိုလည်း‌ ကျမ ဒီနေရာကနေ အသိအမှတ် ပြုရင်း လှိုက်လဲှစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားချင်ပါတယ်။ 

နိဗ္ဗာန် ဆိုတာ ပါဋ္ဌိလို နိ ဆိုတဲ့ မရှိခြင်း နဲ့ ဝါန ဆိုတဲ့ တဏှာ ပေါင်းစပ်ထားခြင်းဖြစ် ပါတယ်။ လောကီ လူသား ပုထုဇဉ်တွေကို မီးထွန်းထား တဲ့ ဖယောင်းတိုင် နဲ့ တင်စားရမယ် ဆိုရင် နိဗ္ဗာန် ဆိုက်ရောက်သူ သူတော် ကောင်းတွေဟာ မီးငြိမ်းသွားတဲ့ ဖယောင်းတိုင်ပါပဲ။ အငြိမ်း ဓါတ်ကလေး နဲ့ ရှိနေတဲ့ သဘော လေးပါ။ ပြီးတော့ နိဗ္ဗာန် ဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက်ချည်းပဲ မဟုတ်ပါဘူး။ ရုပ် နာမ် ခန္ဓာ ရှိတဲ့ ပု ထုစဉ်တွေ အားလုံး နဲ့ သက်ဆိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်ဘာသာဝင်မဆို ယုံကြည်စွာ အားထုတ်ရင် သံသရာမှ လွတ်မြောက်ရာ ချမ်းသာ အမှန်ကို ရစေ ရောက်စေ နိူင်တာမို့ မလွဲမသွေ အားထုတ် သင့်လှ ပါတယ်။ 

ကျမ ၉ ရက်တာ တင်းတင်းရင်းရင်း ကြိုးစား အားထုတ်ခဲ့ပါတယ်။ ဒါ့ကြောင့် ကျမ ပြုခဲ့သမျှ ဒါနကုသိုလ်၊ သီလကုသိုလ် နဲ့ ပွားများ အားထုတ်ခဲ့တဲ့ ဘာဝနာကုသိုလ်တွေ အားလုံးကို လှိုက်လဲှ လိုလားစွာ အမျှပေး ဝေချင်ပါတယ်။ အားလုံးပဲ ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူ ကြပါ.... 

မဂ္ဂင်ဖောင်စီး၍ နိဗ္ဗာန် တဖက်ကမ်း သို့ အရောက်လှမ်းနိူင်ကြပါစေရှင်... 

*** ချစ်စရာကောင်းပြီး မျက်လုံးလေးတွေ နဲ့ ရယ်တတ်တဲ့ တိုင်းရင်းသူ ညီမငယ်လေး ဇွန်မိုးစက် နဲ့ ခင် မင်ခွင့် ရခဲ့တဲ့ အတွက်လည်း အမှတ်ရစရာ ဖြစ်ခဲ့ရပါတယ်ရှင်...