သံသရာတစ်လျှောက်လုံး အဝိဇ္ဇာတဏှာခိုင်းတာလုပ်ခဲ့ပြီးပြီ။ ရေစုန်လမ်းမှာ မျောခဲ့ပြီးပြီ။ ခု ဆန်တက် ကြရတော့မယ်။ မိုးကုတ်ဆရာတော်ဘုရားကြီးဟောခဲ့သလို အိပ်ရာဖျာကပ် ဘဝမျိုးမရောက်ခင် အအိုနဲ့အနာ အကြားမှာ လမ်းခွဲရှာစမ်းပါ။ ကံလမ်းက ဉာဏ်လမ်းပေါ်ရောက်အောင် လျှောက်ကြပါ။

မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ

 

 

ဓမ္မလမ်းသို ့ချဉ်းကပ်ခြင်း (မြစိမ်းတောင်ဆရာတော်ဘုရားရဲ့သြဝါဒ) (ဓမ္မမှတ်စုများ-၂)

ကိုယ်တစ်ခါမှမသွားမလာဖူးတဲ့ လမ်းခရီး တစ်ခုသွားတော့မယ်ဆိုရင် ဒီလမ်းခရီး အကြောင်း ကြိုသိထား သင့်တာပေါ့။ ဘယ်နေရာမှာ ခလုတ်ကန်သင်းကျင်းချိုင့်ရှိတယ်။ ဘယ်နေရာမှာ သားရဲတိရစ္ဆာန်ရှိတယ်။ စမ်းချောင်းကလေးကတော့ဖြင့် ဘယ်နေရာမှာ စသည်သိ ထားရမယ်။ လမ်းခရီးအကြောင်း အစမှ အဆုံး ပြည့်စုံအောင် ပြောပြ နိုင်တဲ့ သူဆီမှာ ချဉ်းကပ်ရမယ်။ ဒီခရီးကိုသွားဖူး၊ ရောက်ဖူးသူသာလျှင် ရေလည်အောင် ပြောပြနိုင်လိမ့်မယ်။ မသွားဖူး၊ မရောက်ဖူးဘဲနဲ့ အထင်ကြီးအောင် ပြောပြသူဆီ ချဉ်းကပ်မိရင် လမ်းလွဲမယ်။ ခရီးလမ်းဆုံး ပန်းတိုင်မရောက်ဘဲ မျက်စိလည် လမ်းမှားပြီး ဘဝတစ်ခုကို အချည်းနှီး ပေးဆပ်ရလိမ့်မယ်။

ဓမ္မခရီးကို လျှောက်လှမ်းရာမှာ သာမန်သွားနေကျခရီးမျိုးထက်ပိုပြီး တိကျ သေချာ ဖို့လိုပါတယ်။ သာမန် ကြားဖူးနားဝဗဟုသုတကလေးနဲ့ အားထုတ်ရင် အားကုန် အချိန်ကုန်တာပဲ အဖတ်တင်မယ်။ ဆိုပါစို့။ တရားဆိုတာ အသိလေးကပ်ထား ပြီးတာပဲ ဆိုပြီး ဖောင်းပိန်လည်းမှတ်၊ ထိုင်ထိလည်းမမှတ်၊ ဝင်လေထွက်လေ လည်းမမှတ်၊ ပေါ်ရာ ပေါ်ရာကိုလည်းမရှုမှတ်ဘဲ သိရင်ပြီးတာပဲ ဆိုပြီး စိတ်ကပျံ့လွင့်နေရင် သွား ပြီ။ လမ်းမှားပြီ။ ခရီးအစမှာကတည်းက လမ်းလွဲ လိုက်သွားပြီ။ သွားချင်တဲ့ပန်းတိုင် မရောက်တော့ဘူး။

ပထမဆုံး စတင်အားထုတ်ရာမှာ သညာနဲ့များများမှတ်နိုင်မှ သတိဝီရိယအားကောင်း လာပြီး သမာဓိအား ကောင်းလာပါတယ်။ သမာဓိအားကောင်းပါမှ ပညာအစစ်အမှန် ကိုရပါ တယ်။ သမာဓိမပါဘဲ ပညာသိကို မရနိုင်ပါဘူး။  သတိ၊ ဝီရိယနဲ့ မရှုမှတ်ဘဲသိ ပြီးတာပဲ ဆိုရင် လမ်းလွဲပြီ။ ပေါ့ပေါ့လျော့လျော့ အားထုတ်ရင် ကြားဖူးနားဝဗဟုသုတနဲ့ ရော်ရမ်းမှန်း သမ်းပြီး ထင်ကြေးနဲ့ပြောနေတာတွေကို ထိုးထွင်းသိ၊ ပညာသိလို့ ထင်သွားမယ်။

သိသလိုလိုနဲ့ မသိခြင်းဟာ သွားလျက်နဲ့မရောက်တဲ့ခရီးနဲ့ တူလှပါတယ်။ သွားသလောက် ခရီးမတွင်တော့ နောက်ကြောင်းပြန်လှည့်ချင်လာတယ်။ လမ်းမှားကြီးနဲ့ အချိန်ကုန်တော့ စိတ်ဓာတ်ကျ လာတယ်။ တရားမှာ အီသွားတယ်။ တရားမှာ မပျော်မွေ့ တော့တဲ့အပြင် သံသယဝင်ချင်လာတယ်။ တရားက ဟုတ်သေးရဲ့လား၊ တရားက ဘုရား ဟောထားတာပဲ။ ဟုတ်လို့ပဲ ကျေးဇူးတော်ရှင်ကြီးတွေ မဟာစည် ဆရာတော်တို့၊ မိုးကုတ် ဆရာတော်တို့ လမ်းဆုံးရောက်သွားကြပြီ။ ကိုယ်အားထုတ်တဲ့ နည်းလမ်းက မဟုတ် သေး တာပါ။

နည်းလမ်းအမှန်က ပွားများရှုမှတ်မှုနဲ့သာ သမာဓိထူထောင်ရတယ်ဆိုတာ သတိရပါ။ ရိပ်သာ ရောက်မှ ရှုမှတ်ပွားများရမယ်လို့ မဆိုလိုပါဘူး။ အိမ်မှာလည်း အစဉ်တစိုက် ပွားများ နေနိုင်ပါတယ်။ ဝိပဿနာမပွားနိုင်ရင်တောင်မှ ဂုဏ်တော်ပွားပါ။ မေတ္တာပွားပါ။ ကုသိုလ်အားတွေခိုင်ခံ့လာပါတယ်။ ဒါဟာ သမ္မာဝါယမပါပဲ။ ဝီရိယကောင်းလာရင် သမာဓိ လည်းကောင်းလာပါတယ်။ သမာဓိရလာပြီဆိုရင် ခန္ဓာကိုယ်ကို ပြန်ကြည့်ပြီး ရှုမှတ်လို့ ရပါပြီ။ ဒါဟာ နည်းလမ်းအမှန်ပါပဲ။

သမာဓိမှမရသေးခင် ညောင်းရင်ပြင်၊ ယားရင်ကုတ်၊ အသံကြားတော့ မျက်လုံး ဖွင့်ကြည့်နဲ့ စိတ်အလိုကိုလိုက်နေခြင်းဟာလည်း လမ်းမှား လိုက်နေခြင်းပါပဲ။  လမ်းမှန်ကတော့ ညောင်းတာ၊ ကိုက်တာ၊ နာတာ ဝေဒနာပေါ်လာရင် ပေါ်တဲ့နေရာ စူးစိုက် ရှုမှတ်ပါ။ ဒုက္ခဝေဒနာကိုသိမှ ဒုက္ခသစ္စာကို ပိုင်ခြားသိပါလိမ့်မယ်။ တစ်ဆက်တည်းသာ ရှုမှတ်သွားရင် ဝေဒနာသက်သက်ကလေး သိသွားလိမ့်မယ်။ သည်းခံပြီးမှတ်ရင် ဝေဒနာ မရှိတဲ့ နေရာ ရောက်ပါလိမ့်မယ်။

ကိလေသာပါးအောင် တရားအားထုတ်ပါမှ ကိလေသာပွားလာတာမျိုးလည်း ကြုံရတတ် ပါတယ်။ ဖိရင်ကြွတဲ့သဘောအတိုင်း ကိလေသာကလည်း ရှုမှတ်ပြီဆိုခါမှ ထကြွပွား လာတတ်ပါတယ်။ လူမှုရေး၊ စီးပွားရေးတွေနဲ့ အလုပ်မအားတုန်းကတော့ ကိလေသာက ထကြွချိန် သိပ်မရှိရာက ဒီတရားလုပ်ပါမှ ပိုပြီးထကြွလာတတ်ပါတယ်။ ဒီလို ထကြွလာတော့ အမှတ်မဆက်တော့ဘူး။ ရှုမှတ်တဲ့ဘက်က ရှုံးနိမ့်သွားပြီး ကိလေသာဘက်က အနိုင်ရသွား တာလည်းရှိပါတယ်။ ဒီလိုအခြေအနေမှာ အသုဘကို ဆင်ခြင်အပ်ပါတယ်။ အသုဘကို မဆင် ခြင်တတ်ရင် ကာမဂုဏ်ရဲ့အပြစ်တွေကို ပြန်ဆင်ခြင်ရပါမယ်။

သွားရည်တများများနဲ့ အရိုးကိုက်နေတဲ့ခွေးငတ်တစ်ကောင်လို ဘာမှအကျိုးမရှိပါလား။ ကျီးကန်းတစ် ကောင် သားတစ်ရသွားတော့ မရလိုက်တဲ့ကျီးကန်းတွေက ဝိုင်းအုံထိုး ဆိတ်ကြ။ အသားတစ်ကို လွှတ်ချလိုက်မှ တဒင်္ဂသက်သာရာရတဲ့ ကျီးကန်းလိုပဲ ကာမဂုဏ် စည်းစိမ်တွေဆိုတာ မရှိတောင့်တ ရှိကြောင့်ကြပါလား။ ဒါက ဆင်ခြင်နှလုံးသွင်းတဲ့ အပိုင်း..။

သြော် ဘုရားအလောင်း မန္ဓာတုစကြဝတေးမင်းကြီးတောင်မှ ကာမဂုဏ်စည်း စိမ်တွေ အပေါ် တပ်မက်ခဲ့လွန်းလို့ ဒုက္ခရောက်ဖူးလေပြီလို့လည်း ဆင်ခြင်လိုက်ပါဦး။ မန္ဓာတုမင်း ကြီးဟာ လောကီစည်းစိမ်တွေ ခံစားခွင့်ရခဲ့တာ ကလေးဘဝနဲ့နှစ်ပေါင်း နှစ်သောင်း လေးထောင်၊ အိမ်ရှေ့မင်းဘဝနဲ့နှစ်ပေါင်း နှစ်သောင်းလေးထောင်၊ ရှင်ဘုရင်ဘဝနဲ့ ရှစ် သောင်းလေးထောင် ဒီလောက်ခံစားရတာလည်း အားမရနိုင်ဘူးတဲ့။ ဒါနဲ့စတုမဟာရာဇ် နတ်ပြည် တက်ခံစားတာလည်းအားမရလို့ တာဝတိံသာတက်ပြီး သိကြားမင်းစည်းစိမ် ခံစား ပြန်ပါရော။ နှစ်ပေါင်းသုံးကုဋေခြောက်သန်းမှာ သိကြားမင်းတစ်ယောက် စုတေသေလွန် သည့်တိုင် သူကတော့နတ်စည်းစိမ်ခံစားတုန်း။ ဒီလိုနဲ့ သိကြားမင်း သုံးဆယ့်ခြောက်ဆက် သာပြောင်းသွားတယ်။ သူကတော့မပြောင်းဘူး။ ကိလေသာတွေလျော့မသွားဘူး။ ကာမဂုဏ် ဆိုတာ ရလေလိုလေ၊ သောက်လေသောက်လေငတ်မပြေပဲကိုး။ ဒီတော့ ရှိတဲ့ သိကြားမင်း ကြီးသတ်ပြီး နတ်စည်းစိမ် ငါတစ်ယောက်တည်း ခံစားမယ်ဆိုတဲ့ စိတ်ယုတ်မာလည်း ဝင်လာ ရော အောက်ကိုပြုတ်ကျပါလေရော။

ကာမဂုဏ်ရဲ့အပြစ်ကို ဖော်ပြတဲ့ ဒီလိုသုတ္တန်တွေ၊ ဇာတ်တော်တွေကို ဆင်ခြင်လိုက် တော့ တရားမှတ်လို့ မကောင်းပေမယ့် ကိလေသာအားနည်းသွားတယ်။ ဒါကို ]အပါယ်ဘေး ဆင်ခြင်အာနိသင်} လို့ ဆိုနိုင်ပါတယ်။ လောကီနယ်ပယ်မှာ ချုံ့တာမရှိ။ ချဲ့တာပဲရှိတယ်။ ကျဉ်းတာမရှိ။ ကျယ်လာတာပဲရှိတယ်။ ပစ္စုပ္ပန်ချမ်းသာကို မက်မောလို့ ဒုက္ခရောက်နေတာ အမှားပဲ။ အကုသိုလ်ပဲ။ ပရိယေသတွေလုပ်နေတာ ဆင်းရဲခြင်းအမှန်ပဲ။  သမ္မာအာဇီဝနဲ့ စီးပွါးရှာပါတယ်ဆိုတာတောင် လောဘ၊ ဒေါသတွေပါနေတယ် မဟုတ်လား။

ဒါကြောင့် မိုးကုတ်ဆရာတော်ကြီးက တွေးမယ့်တွေးရင် ဒုက္ခသစ္စာ ကိုတွေးစမ်း ပါတဲ့။ သံသရာဘေးဆိုးကြီးကို မြင်လာစေချင်လို့။ ဘုရားဟောလည်းရှိပြီးသားပဲ။ သံသရာကျင်လည်ရာမှာ လူ့ဘဝ၊ နတ်ဘဝဆိုတဲ့ သုဂတိဘဝကောင်းတွေရတာနည်းတယ်။ အပါယ်လေးဘုံသာအရောက်များတယ်။ ဘဝကောင်းက လက်သည်းပေါ်မြေမှုန့်လောက်ပဲ ရှိပြီး ဘဝဆိုးတွေက ကမ္ဘာမြေကြီးရဲ့မြေမှုန့်တွေလောက် များတယ်လို့ ဘုရားရှင်ဟော တော်မူခဲ့ပြီး သားပဲ။ ဒီတော့ အများထဲပါမသွားအောင် ကြိုးစားအားထုတ် ကြရဦးမယ်။ လူ့ဘဝရသည့် တိုင် သာသနာတော်နဲ့ကြုံဆုံဖို့ဆိုတာ အင်မတန်ခဲယဉ်းတယ်။ သာသနာ တော်နဲ့ ကြုံမှ သံသရာဘေးဒုက္ခတွေက လွတ်ကြောင်းတရား (ဝိပဿနာ) အားထုတ်ခွင့် ရနိုင်ပါတယ်။

သံသရာတစ်လျှောက်လုံး အဝိဇ္ဇာတဏှာခိုင်းတာလုပ်ခဲ့ပြီးပြီ။ ရေစုန်လမ်းမှာ မျောခဲ့ပြီးပြီ။ ခု ဆန်တက် ကြရတော့မယ်။ မိုးကုတ်ဆရာတော်ဘုရားကြီးဟောခဲ့သလို အိပ်ရာဖျာကပ် ဘဝမျိုးမရောက်ခင် အအိုနဲ့အနာ အကြားမှာ လမ်းခွဲရှာစမ်းပါ။ ကံလမ်းက ဉာဏ်လမ်းပေါ်ရောက်အောင် လျှောက်ကြပါ။ ဘဝမှာ တရား အားထုတ်ရ မယ့်အချိန် နည်းနည်းပဲကျန်တော့တယ်။ နေရမယ့်အချိန်ကလေးအတွင်း (မသေခင်) အားထုတ် ကြစမ်းပါ။ အားထုတ်ပါမှ လမ်းမှားနေရင် (နည်းမှားနေရင်) ထူးမြတ်တဲ့အသိကို မရနိုင် ပါဘူး။ နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ်အားထုတ် သော်လည်း ဘာမှရမသွားတဲ့ ယောဂီတွေ ကြုံဖူးပါလိမ့်မယ်။

တရားအားထုတ်တယ်ဆိုတာ တောကြမ်းခုတ်ရသလိုပဲ။ ပေါင်းတွေ၊ ချုံနွယ်တွေခုတ်ခါမှ သစ်ငုတ်က ပေါ်လာသလိုပဲ အားထုတ်ချိန်မှာ ကိလေသာတွေပေါ်လာတတ်တယ်။ ဒီတော့ ရိပ်သာရောက်မှ အားထုတ်မယ်လို့ အချိန်ဆိုင်းမနေပါနဲ့တော့။ ရောက်ရာနေရာမှာ အားထုတ်ကြစမ်းပါ။ အိမ်မှာလည်း ရှုမှတ်ပွားများ လို့ရပါတယ်။ ကားမောင်းသလိုပဲ။ ကုန်းတက်၊ တောင်တက်လမ်းကို အရှိန်နဲ့ မောင်းတက်ရသလို တရားတက်ဖို့ဆိုတာ အရှိန်အများကြီး လိုပါတယ်။ ဂုဏ်တော်အား၊ မေတ္တာအား၊ ရှုမှတ်အား၊ ဆင်ခြင်အား တွေကောင်းမှ အရှိန်ရပါတယ်။

အိမ်မှာကတည်းက အရှိန်ရလာသူ ရိပ်သာဝင်တော့ လမ်းမှာတင်ထူးနေပြီ။ မြေကြီး တွေက နိမ့်ချည်၊ မြင့်ချည်၊ လှိုင်းထလို့၊ နိမိတ်ကောင်းပြနေတာ။ အခုမှအားထုတ်မယ်ဆိုပြီး ရိပ်သာဝင်တော့ အရှိန် ပါမလာတော့၊ တရားကမှတ်တိုင်းမရဘူး။ ရှုမှတ်တိုင်းမရတော့ ချာလပတ်လည်ပြီး အရှုံးပေးချင်လာတယ်။ ပါရမီမရှိဘူး လို့ထင်လာတယ်။ စိတ်ဓာတ် မကျပါနဲ့။ ပါရမီရှိလို့ ဒီတရားအားထုတ်ခွင့်ရတာ။ ထိုက်တန်လို့ ဘုရားသာသနာနဲ့ ကြုံဆုံခွင့်ရတာ။ ဒီအချိန်မှာ သံသရာဘေးဆိုးကြီး၊ အပါယ်ဝဋ်ဆင်းရဲဘေးဆိုးကြီးကို တကယ်ထိတ်လန့်ရင် ကိုယ့်ကိုယ်ကို ကယ်တင်တဲ့အနေနဲ့ အားထုတ်ကြစမ်းပါ။ အားထုတ်ရာမှာ လမ်းမှားလမ်းလွဲကို မလိုက်ဘဲ လမ်းမှန်အတိုင်း လျှောက်ရင် လမ်းဆုံး ပန်းတိုင်ကို မုချပိုင်ပိုင် ရောက်နိုင်ပါလိမ့်မယ်။

 

မြစိမ်းတောင်ဆရာတော်အရှင်ဇာနေယျ
 


 
              
   (Share this page on Facebook
)