ကောင်းမွန်မှန်ကန်သော တရားကျင့်ဝတ် မဟုတ်ရာ၌ လုံ့လ၊ ဝီရိယကြီးသူသည် ဒုက္ခရောက်၍ လုံ့လနည်းသူသာ ချမ်းသာရ၏။ ကျင့်ကြံသော်လည်း ဆင်းရဲလွတ်ကြောင်း တရားမဟုတ်သော ကြောင့် တည်း။
ကောင်းမွန် မှန်ကန်သော တရားကျင့်ဝတ်၌ကား လုံ့လ၊ ဝီရိယကြီးသူသာ ချမ်းသာ၍ လုံ့လနည်း သူမှာ ဆင်းရဲရသည်’
မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ
မြစိမ်းတောင်မှ သာသနာ့ အောင်လံ     (ဓမ္မမှတ်စုများ-၁)
မြစိမ်းတောင်။
 သစ်တောဦးစီးရုံးရှိရာလမ်းမှဝင်၍ မိနစ်အနည်းငယ် မောင်းပြီးသော် ဘယ်ဘက် မြေနီလမ်းအကွေ့ မှ မြစိမ်းတောင် သာသနာပြု တောရစခန်းအား ညွှန်ပြသည့် လမ်းညွှန်ဆိုင်းဘုတ်လေးအား တွေ့ ရသည်။ ဂဝံကျောက်ခင်းထားသော မြေနီလမ်းသည် ပြင်းထန်သောမိုးအား အန်မတုနိုင်ရှာပါ။ အနီးအနားခြံများ၌ နေထိုင်သူများသည် ဤလမ်းကိုသာ အားကိုးနေရသည်။ သူတို့လည်းဖြည်းညင်းစွာ သွားလာ နေကြ သည်။ အချို့သည် စက်ဘီးနှင့်ဖြစ်၍ အချို့မှာ ဆိုင်ကယ်နှင့်ဖြစ်သည်။ မြေနီလမ်းဘေး ဘယ်၊ ညာ၌ ကြံခင်းများ၊ မာလကာခြံ၊ သရက်၊ သံပရာ အစရှိသည့် ခြံများကို တွေ့ရသည်။
တိုက်ကြီးမြို့နှင့်လိမ္မော်ခြံကျေးရွာသည် သုံးမိုင်ခရီးဖြစ်၍ ဘာမှမကြာလိုက်ဘဲ ရွာတွင်း သို့ရောက်သည်။ ရွာလယ်မှာ မြစိမ်းတောင်ရွာကျောင်းအားတွေ့ရသည်။ မြစိမ်းတောင် ဟုဆိုသော်လည်း ကုန်းမို့မို့ သာ ဖြစ်ပါသည်။ လိမ္မော်ခြံရွာသည် ခြံဝိုင်းကြီးများ စုစည်းထား၍ တောအုပ်ကြီး သဖွယ် ဖြစ်နေသည်။ ယခု တွေ့ရသည့်မြစိမ်းတောင်တောရကျောင်းသည်လည်း တောကြီးအလယ် တောင်ကုန်းလေးပေါ်မှ စေတီ ပုထိုးများ၊ ဂန္ဓကုဋိမှန်ကျောင်းကြီး၊ ဝါးတဲကျောင်း၊ ဇရပ်၊ ဆရာတော် အရှင်မြတ်သီတင်းသုံးသည့် သစ်သားကျောင်းတို့ဖြင့် တောအုပ်အလယ်မှာ တင့်တယ်လှ၏။ တောင်ကုန်းထိပ် ညာဘက် ဂန္ဓကုဋိ မှန်ကျောင်းကြီးဘေးမှာ စေတီတစ်ဆူအား ဖူးတွေ့ရသည်။ စေတီအား ဆီမီး၊ အမွှေးနံ့သာများဖြင့် ပူဇော် ကန်တော့ပြီးသော် အနီးရှိမှန်ကျောင်းကြီးအား လေ့လာမိသည်။ ဂန္ဓကုဋိမှန်ကျောင်းတော်ကြီး ဖြစ်သည်။ အတွင်း၌ ‘တိလောကမှန်အောင်’ ဘွဲ့တော်အမည်ရှိ ရုပ်ပွားတော်မြတ်ကြီး သီတင်းသုံး စံပယ် နေပါသည်။ ဘုရားဒါယကာကြီး ဆရာကြီးအဘိုးစောမှ ၁၂၉၅ ခုနှစ်တွင် တည်ထားကိုးကွယ် လှူဒါန်း ခဲ့ကြောင်း သိရပါသည်။ မှန်ကျောင်းဆောင်အသစ်ကြီးမှာ အလှူရှင်ဖြစ်သူ ဦးမြတ်ဌေးလင်း+ ဇနီး ဒေါ်စုစုကိုတို့မှမတည်ပြီး လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရပါ၏။ ဂန္ဓကုဋိမှန်ကျောင်းတော်ဘေးတွင် နှစ်ကျိပ် ရှစ်ဆူစေတီတော်အား ဖူးတွေ့ရသည်။ ဘုရားဒါယကာမှာ ဆရာကြီး အဘိုးစောဖြစ်နေသည်ကို တွေ့ရပြန်ပါ၏။ သို့အတွက်ကြောင့် ကျွန်တော်သည် ဆရာကြီးအဘိုးစောအား စိတ်ဝင်စားလာမိ၏။ သူ့အ ကြောင်းကို သိချင်လာသည်။ ဘုရားအနီးမှာ အသက်(၆၀)ဝင်းကျင်ရှိ လူကြီးတစ်ယောက်အား တွေ့ရ၍ အဘိုးစောဆိုသူမှာ မည်သူနည်းဟု စပ်စုမိပါသည်။ ထိုသူက - “ကျွန်တော်က မြစိမ်းတောင်ကျောင်းရဲ့ ဂေါပကဥက္ကဋ္ဌပါ။  ဦးမြရွှေလို့ ခေါ်ပါတယ်။ ယခုမြင်တွေ့နေရတဲ့စေတီတွေဟာ ဆရာကြီး အဘိုးစော တည်ခဲ့တာတွေပါပဲ။ အဘိုးစောနဲ့ ပတ်သက်ပြီး သိချင်ရင် သူ့မြေးနှစ်ယောက် ရှိပါတယ်။ တစ်ယောက်က လမ်းပြင်နေတယ်၊ တစ်ယောက်က ကျောင်းပေါ်မှာ ခေါ်ပေးပါ့မယ်”
အဘိုးစောတည်ထားခဲ့သောကမ္ဘာလုံးစေတီတော်
စေတီတော်ဘေးရှိ ဆရာတော်ကျောင်းသို့သွားရာ မြေလမ်းအား ပြုပြင်နေသူတစ်ယောက်ကို ဥက္ကဋ္ဌ ဦးမြရွှေမှ လှမ်းခေါ်လိုက်ပါသည်။ ထိုပုဂ္ဂိုလ်၏အမည်မှာ ဦးအောင်တင်ဖြစ်ပါသည်။ အဘိုးစော၏ သား အကြီးမှ မွေးဖွားသူဖြစ်သည်။ မြေးဖြစ်သူ နောက်တစ်ဦးဖြစ်သော ဒေါ်စိန်သိမ်းဆိုသူလည်း ရောက်လာ ၏။ သူမက ဆရာကြီးအဘိုးစေား၏ သားအငယ်မှမွေးဖွားသူ ဖြစ်ပါသည်။
မြေးများပြောပြသော ဆရာကြီး အဘိုးစော၏အကြောင်း
         ဂမ္ဘီရလောကီပညာရပ်များ တပ်ကျွမ်းသော ဆရာကြီးအဘိုးစော၏မူလဇာတိမှာ တွံတေးဘက်က ဖြစ်ပါသည်။ သူသည် ရှမ်းတိုင်းရင်းသားဖြစ်ကာ နယ်လှည့် ဆေးကု၊ ဗေဒင်ဟောရင်း တိုက်ကြီးမြို့သို့ ရောက်လာသည်။ ထိုစဉ်က လိမ္မော်ခြံသည် ရွာမဟုတ်သေး။ တောကြီးမျက်မည်းလည်းမကျ၊ ရွာလည်း မဟုတ်၊ သစ်ဝါးထူထပ်သော ခြံဝိုင်းကြီးများဖြင့် ရိုးမနှင့်တစ်ဆက်တစ်စပ်တည်း ရှိနေခဲ့သည်။ အဘိုး ဆရာစောက ခြံတဲးများကိုစုဝေးပြီး လိမ္မော်ခြံရွာကလေးကို စတင် တည်ထောင်သည်။
မကြာမီ ထိုနေရာသို့ ဘုန်းဘုရားကြီး ဘိုးပေါက်စိန် ရောက်ရှိလာခဲ့သည်။ ဘိုးပေါက်စိန်သည် ယခု မြစိမ်း တောင်ရွာကျောင်းဖြစ်မည့် တောင်ကုန်းငယ်အခြေတွင် ဝါးကျောင်းလေးနှင့် သီတင်းသုံးရင်း တောင် ကုန်းလေးပေါ်မှာ ကိုးနဝင်းစေတီလေး တည်ထားကိုးကွယ်သည်။ ဘုန်းဘုရားကြီး ဘိုးပေါက်စိန်နှင့် ဆရာကြီးအဘိုးစေားတို့ ဆုံတွေ့ကြ သောအခါ ဆရာတပည့် ဖြစ်ကုန်ကြသည်
       ဘုန်းဘုရားကြီးဘိုးပေါက်စိန်က အဘိုးဆရာစောအား သာသနာပြုလုပ်ငန်းများ ဤတောင်ကုန်း၌ ဆက်လက်လုပ်ဆောင်ရန် ညွှန်ကြားပြီး တခြားတစ်နေရာသို့ ထွက်ခွာသွားခဲ့သည်။ အဘိုးဆရာစော သည် သူ၏မြလက်စွပ်လေးအားရောင်းပြီး ကိုးနဝင်းစေတီကို ငုံ၍ဉာဏ်တော်မြှင့်ပြီး ‘နှစ်ကျိပ်ရှစ်ဆူ’ ဘွဲ့အမည်ဖြင့် တည်ထားကိုးကွယ်ခဲ့သည်။ မြလက်စွပ် အစိမ်းရောင်လေးကိုရောင်းပြီး သာသနာပြု ရ သဖြင့် ထိုတောင်ကုန်းလေးအား ‘မြစိမ်းတောင်’ ဟုအမည်သမုတ်ခဲ့သည်။
        ယခုမှ ကျွန်တော့်အမြင် ရှင်းသွားသည်။ အဘိုးဆရာစောသည် နှစ်ကျိပ်ရှစ်ဆူစေတီတော်အပြင် တိလောကမာန်အောင် ရုပ်ပွားတော်၊ ရွှေလင်းယုန်စေတီ၊ ကမ္ဘာလုံးစေတီနှင့် မဟာစေတီကြီး ကိုပါတည် ထားခဲ့သည်။ မဟာစေတီကြီးသည် ငလျင်လှုပ်တုန်းက ယိမ်းယိုင်သွားခဲ့သဖြင့် ဆရာတော်မှ ပြန်လည်ပြုပြင်ပြီး ‘မဟာဝိသုဒ္ဓိစေတီ’ ဟုဘွဲ့အမည်သမုတ်ခဲ့သည်။ ကမ္ဘာလုံးပုံ စေတီရံ (၄)ဆူ ဝိုင်းရံထားသော စေတီတစ်ဆူမှာ ကြည်ညိုဖွယ်ကောင်းလှသည်။
မစိမ်းတောင်ပေါ်မှာ ဗောဓိညောင်ပင်ကြီးကား ကြီးမားအုပ်ဆိုင်းပြီး အရိပ်အာဝါသ ကောင်း လှသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင် ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဟောနေဟန် ရုပ်ပွားတော်မြတ်နှင့် အဆောက် အအုံ ငယ်တစ်ခု ရှိသည်မှာ ညောင်ပင်ကြီးအရိပ်နှင့် ကြည်ညိုဖွယ်ကောင်းလှသည်။ အဘိုးဆရာစော၏ ကုသိုလ်ကောင်းမှုများအတွက် သာဓုခေါ်ရပါသည်။
           ရွှေလင်းယုန်စေတီဘေး မလှမ်းမကမ်းမှာ အဘိုးဆရာစော၏အုတ်ဂူကို တွေ့ရသည်။ အသက်(၁၀၅)နှစ်မှာ ကွယ်လွန်သွားခဲ့သော အဘိုးသည် အသက်ရှည်လှသည်။
          အဘိုးသည် လိမ္မော်ခြံကျေးရွာအပြင် ကိုင်းကွင်းကြီး၊ အလယ်ရွာ၊ မြကျောက်ဖျာ၊ တောင်တစ်လုံး၊ ရွှေပြောင်ပြောင် စသည့် ဂျိုးဖြူဘက်မှရွာများမှာလည်း ဘုရား၊ စေတီများ တည်ထားခဲ့သည့် ပုဂ္ဂိုလ်ထူး တစ်ဦး ဖြစ်ပါသည်။ အဘိုးဆရာစော ကွယ်လွန်တော့ သူ၏အိမ်ကိုဖျက်ပြီး မြစိမ်းတောင်ကျောင်း တိုက်တွင် ဆရာတော် သီတင်းသုံးရန် ကျောင်းဆောက်လုပ် လှူဒါန်းခဲ့ပါသည်။ လက်ရှိ မြစိမ်းတောင် အမည်ရှိတောင်ကုန်းနှင့် အနီးဝင်းကျင်အပါအဝင် မြေ(၁၀)ဧကခန့်မှာ အဘိုးဆရာစေား၏ မြလက်စွပ် လေးအား ရောင်းချပြီး ဝယ်ယူ၍ ကျောင်းမြေအဖြစ် လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် မြစိမ်းတောင် သာသနာ့နယ်မြေ၏ ပထမဆုံးပန္နက်ချသူမှာ ဘုန်းဘုရားကြီး ဘိုးပေါက်စိန်ဖြစ်ပြီး စေတီပုထိုးများဖြင့် ကြည်ညိုဖွယ်ဖြစ်အောင် ဒုတိယ ပန္နက်ချသူမှာ အဘိုးဆရာစော ဖြစ်ပါသည်။
သို့သော် -
သာသနာ့ထွတ်ခေါင် ဝိပဿနာ အောင်လံတော်အား စတင်လွင့်ထူသူမှာကား …။
အရှင်ဇာနေယျအရှင်သူမြတ်
    ဆရာတော်သည် ပရိတ္တိထက် ပဋိပတ္တိအား ပို၍အားသန်ပုံရသည်။ ဤသည်မှာလည်း ဘဝပေး အကြောင်း ရှိခဲ့ပါသည်။ ခမည်းတော် ဦးကြွက်နီနှင့် မယ်တော်ဒေါ်သန်းတို့မှ မွေးဖွားလာခဲ့သော အရှင်သည် လူငယ်ဘဝမှာ လိမ္မော်ခြံရွာတွင် ခြံလုပ်ငန်းလုပ်ကိုင်၍ စားသောက်ခဲ့ရသည်။ ခြံလုပ်ငန်း တို့၏ ထုံးစံအတိုင်း မြေပေါက်မည်။ ကိုင်းမြက်ရှင်းမည်။ မီးရှို့ရမည်။ ဤမှာပင် ဘဝအချိုးအကွေ့က ဖြစ်လာရတော့၏။ ‘တောမီးတကွက်၊ မုဆိုးတစ်သက်’ ဆိုသော ဆရာတော့်စကားသည် အလကား မဟုတ်။ မီးရှို့နေရင်းနှင့် ပိုးကောင်၊ မွှားကောင်လေးများ ပြေးလွှား သေကျေကြသည်ကို မြင်တွေ့လိုက် ရသေားအခါတွင် ဆရာတော်လောင်းလျာ ခြံသမားလေးသည် စိတ်မချမ်းသာဖြစ်ရပါတော့၏။ အတိတ်ဘဝမှ အထုံပါရမီသည် ဆရာတော် လောင်းလျာ အား သတိ သံဝေဂရစေ၍ ဘဝအချိုး အကွေ့တစ်ခုသို့ ပြောင်းသွား စေပါတော့သည်။ သူတစ်ပါး၏ အသက်အားသေကျေ ပျက်စီးစေခြင်း၏ လွတ်ရာ လွတ်ကြောင်း တရားသည်ကား သာသနာ့ဘောင် မှာသာရှိသည်ကို တွေးမိသွားပြီး အသက်(၂၇)နှစ်မှာ သာသနာ့ဘောင်သို့ ဝင်ရောက်သွားတော့သည်။
သာသနာနှစ် ၂၅၂၅ ခုနှစ်၊ ကောဇာနှစ် ၁၃၄၃ ခုနှစ်၊ တန်ခူးလဆန်း (၁၃)ရက်တွင် တိုက်ကြီးမြို့လယ် ဘုရားကြီးကျောင်း ခဏ္ဍသိမ်တော်မှာ ဆရာတော်ဦးကိတ္တိအား ဥပဇ္ဇျာယ်ပြု၍ မြင့်မြတ်သောရဟန်း အဖြစ်သို့ ရောက်ရှိခဲ့သည်။ ဆရာတော်သည် လူ့ဘဝက တက္ကသိုလ်ဝင်တန်းအထိသာ ပညာသင်ခဲ့ရ၍ မိမိ၏ပညာကံ နည်းခဲ့မှုအပေါ် အားမလိုအားမရရှိခဲ့သည်။ သို့အတွက်ကြောင့် ရဟန်းဘဝဖြင့် ပရိယတ္တိ သာသနာထက် ပဋိပတ္တိသာသနာဘက်ကို ပိုမို၍ ပြုလိုသောဆန္ဒ ရှိခဲ့၏။ မြိုလယ်ဘုရားကြီး ကျောင်း၌ ပရိယတ္တိစာပေများ အား(၄)ဝါအထိ သင်ကြားပြီးသည်နှင့် မင်းကွန်း၊ မဟာစည်၊ မိုးကုတ်၊ စွန်းလွန်း၊ ချမ်းမြေ့၊ လယ်တီဩဝါဒခံ အနာဂါမ် ဆရာသက်ကြီး တရားစခန်း စသည်များသို့ လှည့်လည်၍ ဝိပဿနာတရားများကို အားထုတ်ခဲ့ ပါသည်။ တရားစခန်းများမှပြန်လာပြီး လိမ္မော်ခြံရွာအရှေဘက် ပဲခူးရိုးမထဲရှိ ပြန့်ကြီးတောရတွင် တစ်ပါးတည်း တောရဆောက်တည်ခဲ့သည်။ တရားလိုချင်နေသော ပုဂ္ဂိုလ်အတွက် ရိုးမငှက်ဖျားနှင့် တောဆင်ရိုင်းများ၏ အန္တရာယ်သည် ဆရာတော်အား မတားဆီးနိုင်ခဲ့ပါ။
ဆရာတော်၏ ဂေါစရဂါမသည်ကား အလယ်ရွာဖြစ်၏။ တစ်ပါးတည်းတောရဆောက်တည်ရသည့် အရသာထူး ကို ဆရာတော် နှစ်ခြိုက်နေမိသည်။ မေတ္တာ၏စွမ်းအားများကား ဆရာတော့်အတွက် ဆင်ရိုင်းများ ဘေးရန်မှ အကာအကွယ်ဖြစ်ခဲ့ပါသည်။ တိုက်ကြီးမြိုနယ်၏ ထိုဒေသသည် ဆင်ရိုင်းများ သောင်းကျန်း လွန်း သောဒေသ ဖြစ်ပါသည်။ လူတို့ပလည်း ယာမြေ၊ ခြံမြေများအား တောထဲအထိ တိုးချဲ့သည်။ ဆင်ရိုင်းများက လည်း သူတို့စားကျက်နယ်မြေ ကျဉ်းမြောင်းလာ၍ လူတို့၏စိုက်ခင်းများ၊ ကျေးရွာများထဲအထိ ဝင်ရောက် ဖျက်ဆီး လာသည်။ ထိုသို့ဖျက်ဆီးလာ၍ လူတို့ကလည်း ရရာ လက်နက်များဖြင့် ပြန်လည်တွန်းလှန်သည်။ ထိုသို့တိုက်ခိုက်သဖြင့် ဆင်တို့ကလည်း အငြိုးထားပြီး ရက်ရက် စက်စက် လက်တုံ့ပြန်ကြသည်။
လိမ္မော်ခြံ ကျေးရွာအုပ်စုရှိ အလယ်ရွာ၊ ကိုင်းကွင်းကြီး မြန်မာစုကျေးရွာများသည် တောဆင်ရိုင်းများ၏ ရက်ရက်စက်စက် ဝင်ရောက်ဖျက်ဆီးခြင်းကိုခံခဲ့ရသည်။ စိုက်ခင်းများကို ဖျက်ဆီးရုံမက လူများကိုလည်း ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ကြသည်။ ဆရာတော်၏ပြန့်ကြီးတောရလေးကား နဘယံ-ဘေးမရှိ ငြိမ်သက် လျက်သာ ရှိခဲ့၏။
(တရားတန်ခိုး၊ မေတ္တာစွမ်းအားသည် ကျင့်ကြံအားထုတ်နေသော ပုဂ္ဂိုလ်အား စောင့်ရှောက်ပုံကို သတိပြုဖွယ်။)
       ဤသို့ဖြင့် ရဟန်းဝါ(၄)ဝါမှ(၁၀)ဝါအတွင်း တရားစခန်းပေါင်းများစွာတွင် လှည့်လည်အားထုတ် တရား ရှာခဲ့ သည်။ မဟာစည်ရိပ်သာသည် အကြိမ်အများဆုံး ဝင်ရောက်ရာနေရာတည်း။ တရားရှာရာ တွင် ဆရာတော်အတွက် ထူးခြားသောအလှည့်အပြောင်း
        အင်အားကြီးမားသော ပုဂ္ဂိုလ်ထူးကြီးများအား မှီခိုရခြင်းသည် ကံရှိသူတို့အတွက် ပို၍ အကျိုး စီးပွား များစေတတ်သည်ဆိုသော စကားသည် မှန်လှပါပေသည်။ ဆရာတော် အရှင်ဇေနေယျ သည် အဘယ်သို့သော ပုဂ္ဂိုလ်ထူးကြီးနှင့် တွေ့ကြုံခဲ့ရသနည်း။ တရားစစ်၊ တရားမှန်များတည်ရှိ၍ ကျင့်ကြံညွှန်ပြသူများ ရှိနေသမျှ နှစ်ကာလ အကန့်အသတ်မရှိ၊ အချိန်အခါမရွေး ဖြစ်လိုသောအရာကို ဖြစ်နိုင်လေသည်။ သန္ဒိဠိက၊ အကာလိက ဟူသော တရား ဂုဏ်တော်တို့မှာ လည်း ထိုသဘောကို ပွင့်ပွင့်လင်းလင်းကြီး ဖွင့်ပြထား၏။ ပုဗ္ဗေကတ ပုညတာ စက်က ဆရာတော်အား ထိုဒေသသို့ ပို့ဆောင် ပေးခဲ့လေပြီ။
သိုသော်…
        မာရ်နတ်သည် ဆရာတော်တို့ ထိုဒေသသို့ရောက်လျှင် ဝိပဿနာ မီးရှူးတန်ဆောင် အရိယာ သံဃာ တော်မြတ်ကြီးနှင့် တွေ့ဆုံကြမည်ကို သိနေလေပြီ။ ထိုအတွက်ကြောင့် ဆရာတော် အရှင် ဇာနေယျ နှင့် ဓမ္မခရီး ဖော်သုံး ဦးတို့အား မမြင်ရသော အမွှေဓာတ်တို့ဖြင့် တားဆီးပါတော့သည်။ ထိုအ ဖြစ်အပျက်က ဤသို့တည်း။
ရဟန်းသံဃာတို့၏ ဝိနည်းသိက္ခာပုဒ်များကား မြားမြောင်လှသည်။ ဝိနည်း သိက္ခာပုဒ်ကို မစောင့်ထိန်း နိုင်၍ ချိုးဖောက်ခြင်းကြောင့် မဂ်တား၊ ဖိုလ်တား ကိစ္စများဖြစ်ပေါ်လာပြီး အာပတ်သင့်၍ တရားထူး မရခြင်းပင် ဖြစ်ပါ သည်။
       အရှင်ဇာနေယျ (ယခုမြစိမ်းတောင် ကျောင်းတိုက်ဆရာတော်)၊ ဆရာတော် အရှင်ရေဝတ (ယခု အမေ ရိကန်နိုင်ငံ သာသနာပြု)၊ ပုသိမ်မှ  ဦးဉာန္ဒောဘာသနှင့် အမည်မမှတ်မိတော့သော သံဃာ တော်တစ်ပါး အပါ အဝင် စုစုပေါင်း(၄)ပါးသည် မိတ္ထိလာမြို့ တောင်ပုလုတောရသို့အသွား လမ်းခရီး၌ ဝိနည်းသိက္ခာပုဒ်များနှင့် ပတ်သက်၍ ဆွေးနွေးမိကြရာမှ အာပတ်သင့်လျှင် မဂ်၊ ဖိုလ်မရနိုင်ဟု စဉ်းစားမိကြသည်။ သို့ဆိုလျှင် မိမိတို့ ဘာဆက်လုပ်ကြပါမည်နည်း။ ဝိနည်းသိက္ခာပုဒ်တွေ မြားမြောင် လှသော သံဃာ့သာသနာမှာ တရားအားထုတ် လျှင် ဖြင့် ‘မဖြစ်ပါဘူး၊ မဖြစ်ဘူး’ ဟု ကုက္ကုစ္စက အတွေး များ ဝင်သွားခြင်းတည်း။ မာရ်နတ်၏ အမွှေဓာတ်ကား ကြောက်စရာကောင်းသလောက် သတိအလွန်ရှိမှ တော်ပေတော့သည်။
          “ကျုပ်တို့ တောင်ပုလုဆရာတော် ဘုရားကြီးကို ဖူးမြော်ပြီးလျှင် လူထွက်ကြမည်။ လူ့ဘဝဖြင့်  အားထုတ် ၍ တရားအရင်ရသူက ပြောပြကြစတမ်း” ဟု ကတိကဝတ်ပြုကြပြီး တောင်ပုလု ဆရာတော် ကြီး အဖူးမြော်ခံထွက်မည့်အချိန်ကို စောင့်စားနေကြသည်။ အတိတ်ပါရမီကလည်း ဆရာတော် ဘုရားကြီး ထံ မရောက် ရောက်အောင် ပို့ဆောင်ပေးပုံက ထူးလှပါသည်။ အဘယ့်ကြောင့် ဆိုသော် အရှင်ဇာနေယျတို့ သံဃာတော်(၄)ပါး မိတ္ထိလာမြို့ပေါ်ရောက်တော့ တောင်ပုလုတောရသို့ ဘယ်လို သွားရ မည်မသိ၊ ယောင်လည်လည် ဖြစ်နေစဉ် ဒကာတစ်ဦးနှင့်တွေ့ပြီး ထိုဒကာက ဆွမ်းကပ် သည့်အပြင် တောင်ပုလုတောရသို့ ဆိုက်ဆိုက်မြိုက်မြိုက် လိုက်ပို့ခြင်းပင်တည်း။ တောင်ပုလုဆရာတော် ဘုရားကြီးသည် ရဟန်းသံဃာ၊ လူပရိ သတ် တို့အား (၁၅)မိနစ်ခန့်သာ ဟောပြောညွှန်ပြပြီး တရား ဖြင့်သာ မွေ့လျော်တတ်သည်။ ဧည့်ပရိသတ် များပြားခြင်းကား အရိယာပုဂ္ဂိုလ်ကြီးများအတွက် တရား အလုပ်မှာ အလွန်ပင် နှောင့်ယှက် ခြင်းကြောင့် ဖြစ်ပါ သည်။
          အရှင်ဇာနေယျတို့က သံဃာတော်များဖြစ်သည့်အတွက် ရှေ့ဆုံးမှာနေရာရသည်။ ဆရာတော် ဘုရားကြီးသည် ဘီးတပ်ကုလားထိုင်၌ သီတင်းသုံး၍ တပည့်သံဃာတစ်ပါးက တွန်းလာ၏။ ရဟန်းရှင် လူပရိသတ်များက ဖူးမြော်ကြသည်။ (၁၅)မိနစ်ခန့် အလုပ်ပေးတရား ဟောပြောပြီးသော် အရှင် ဇာနေယျတို့ (၄)ပါးအား အတွင်းခန်းသို့ ခေါ်ပါတော့သည်။ အတွင်းရောက်တော့ (၄)ပါးလုံး တောင်ပုလု ဆရာတော်ဘုရားကြီး  အား ဖူးမြော်ကန်တော့ပြီးသော် မည်သို့မျှ ထင်မှတ် မထားသော စကားအား  မိန့်ခွန်းခြွေပါ တော့သည်။ ထိုစကားမှာ -
“အရှင်ဘုရားတို့၊ မဖြစ်ဘူးမထင်နဲ့နော်။ အရှင်ဘုရားတို့သာသနာပြုရမှာ မဖြစ်ဘူးမထင်နဲ့နော်”ဟူ၍ နှစ်ကြိမ်၊ သုံးကြိမ်ထပ်ပြီး မိန့်ဆိုပါတော့သည်။
        ရိုကျိုးစွာနာယူနေကြသော အရှင်ဇာနေယျတို့ သံဃာ(၄)ပါးမှာ- ‘ငါတို့ ကားပေါ်မှာ တိုင်ပင် ပြောဆို လာကြသောစကားကို ဆရာတော်ကြီးက သိနေပါလား’ ဟုစဉ်းစားမိကြပြီး ပီတိပဿဒိ ဖြစ်ကာ အရှင်ဇာနေယျ နှင့်  သံဃာနှစ်ပါးမှာ ဆရာတော်ကြီး ၏ခြေအစုံကိုဖက်၍ ဦးခိုက်ရင်း မေ့လဲ ကျသွား ပါတော့သည်။ ဤကား ပီတိ၏ အဟုန်တည်း။ အရှင်ရေဝတမှာတော့ မူးမေ့မသွားဘဲ ဆရာတော်ကြီး ကိုသာ တစိမ့်စိမ့်ဖူးမြော် နေမိပါတော့သည်။
(တောင်ပုလု ဆရာတော်ကြီး၏ စေတာပရိယအဘိညာဏ် ဂုဏ်တော်ကို ကြည်ညိုရပါသည်။)
       သံဃာ(၃)ပါးမှာ တစ်နာရီနီးပါးကြာ မေ့မြောသွားခဲ့ရသည်။ အရိယာအရှင်မြတ်အား ကြည်ညို လွန်း၍ ဖြစ်ရသော ပီတိအဟုန်ဖြစ်ပါသည်။ နောင်အနာဂတ်မှာ သာသနာပြုရမည့် ပုဂ္ဂိုလ်များ ဖြစ်ကြောင်း ကြိုတင်သိမြင်နေ၍ သွယ်ဝိုက်ကာ ချီးမြှင့်လိုက်ခြင်းတည်း။
တောင်ပုလုဆရာတော်ကြီး၏ အလုပ်ပေးတရားကို အရှင်ရေဝတတစ်ပါးသာ နာကြားခဲ့ရပြီး အရှင် ဇာနေယျတို့ (၃)ပါး သတိပြန်လည်ရရှိလာသောအခါကျမှ အရှင်ရေဝတက ပြန်လည်ဟောကြား ပြသ ပါသည်။ အရှင်ဇာနေယျ၏ တောင်ပုလုဆရာတော်ကြီးအား ဖူးမြော်ပြီးလျှင် လူထွက်မည့်ကိစ္စသည် ဤမှာပင် နိဂုံးချုပ်သွားပါ၏။
         တရားထူးရနိုင်သော ပုဂ္ဂိုလ်များအား အရိယာသံဃာတော် မထေရ်ကြီးများက ဤသို့သွယ်ဝိုက်၍ ချီးမြှောက် တတ်ကြပါသည်။ အရိယာပုဂ္ဂိုလ်ကြီးများသည် တပည့်သားမြေးများကို တရားလမ်းကြောင်း ပေါ်သို့ နည်းမျိုးစုံသုံး၍ တွန်းတင်ခဲ့ကြခြင်း ဖြစ်ပါသည်။ ဆရာတော်အရှင်ဇေနေယျသည် တောင်ပုလု တောရ၌ (၆)လကြာခဲ့သည်။ တောင်ပုလုတောရ၌ ကျင့်ကြံအားထုတ်စဉ် ဆွမ်းအာဟာရအတွက် မိမိ၏ သလုံး မြင်းခေါင်းအား အသုံးပြု၍ ဆွမ်းခံစားခဲ့ရသည်။ နေ့စဉ် အသွားအပြန်(၈)မိုင်ခရီးသည် ဆရာတော် အား ဆွမ်းတန်ဖိုးကို သိစေခဲ့သည်။ ဝါဆိုခါနီးရောက်၍ တောင်ပုလုတောရမှ ပြန်ခဲ့ရသည်။ (၆)လခန့်မျှ တစ်ဆက် တစ်စပ်တည်း သမာဓိအင်အားသည် အတော်ပင် တိုးတက်နေလေပြီ။
        ပြန့်ကြီးတောရ၌ အားထုတ်ခဲ့သည့် တရားအရှိန်၊ တရားစခန်းများ၌ လှည့်လည်အားထုတ်ခဲ့သည့် အကျိုး တရားနှင့် တောင်ပုလုတောရ၌ ဆရာတော်ကြီး၏ မေတ္တာအရှိန်အဝါအောက်တွင် အားထုတ် ရသောအခါ အရှင်ဇာနေယျ၏ သီလ၊ သမာဓိ၊ ပညာ အရှိန်အဟုန်သည် အတော်ပင် ခရီးပေါက် ခဲ့ပါပြီတည်း။
      ဝါတွင်း၌ မြစိမ်းတောင်ကျောင်းမှာ ဝါဆိုခဲ့၏။ တိလောကမှန်အောင် ရုပ်ပွားတော်မြတ်ကြီးတည်ရှိရာ ဂန္ဓကုဋိတိုက်ကြီး၏ အနောက်ဘက် အဖီလေးသည် ဆရာတော်၏ သီတင်းသုံးရာအခန်းပင် ဖြစ်ပါသည်။
မှတ်မှတ်ရရ တရားအရသာ
         တောင်ပုလုတောရမှပြန်လာပြီး နောက်တစ်ကြိမ် မဟာစည် သာသနာ့ရိပ်သာသို့ တရားစခန်းဝင် သောအခါတွင်မူ မုခ်ဦးဝသို့ဝင်ကတည်းက သတိပဋ္ဌာန်တရားက ကိုယ်မှာ ကပ်ပါလာပြီတည်း။ တောင်ပု လုတောရမှ ရရှိခဲ့သော သီလ၊ သမာဓိ အရှိန်အဟုန်မှာ အတောပင်ကြီးမားပါသည်ဟု ဆရာတော်မှ မိန့်ဆို ပါသည်။ ထိုသီလ၊ သမာဓိကို အခြေခံလာသော ဆရာတော်၏ တရားအပေါ်ထားရှိသော သဒ္ဓါ တရားကို မည်သည့် ပုဂ္ဂိုလ်ဖျက်ဖျက် မပျက်နိုင်တော့ပါ။ ဗိုလ်(၅)ပါး တက်ညီလက်ညီ ရှိကြလေပြီ။
         ဆရာတော်မိန့်ဆိုခဲ့သည်မှာ ရှေးယခင်က မိမိပြုလုပ်ခဲ့ရသော တရားအလုပ်သည် ဝိပဿနာ ဟုသာ ထင်ခဲ့သည်။ စင်စစ် သမထတရားအလုပ်သာ ဖြစ်နေခဲ့သည်။ တရားသည် သမထကို အခြေခံ သော်လည်း အချိန်တန်လျှင် ဝိပဿနာသို့တက်မှ သံသရာမှလွတ်ကြောင်း၊ မဂ်၊ ဖိုလ်သို့ မျက်မှောက် ပြုနိုင်မည် ဖြစ်ပါသည်။ တောင်ပုလုတောရရောက်မှ အထင်မှားနေသော သမထ လမ်းကြောင်း မှသည် ဝိပဿနာ မဂ္ဂင်ဖောင်ကြီးပေါ်သို့ စီးမိပါတော့သည်။
(ယောဂီများ ဆရာရှာမှု မှန်ကန်ခြင်း ဖြစ်စဉ်တည်း။ မိမိနှင့်သင့်တော်သည့် ပမ္မဋ္ဌာန်းတရားအား ပြသပေးနိုင်မည့် ဆရာသည် ရေးကြီးဆုံးဖြစ်သည်ကို သတိပြုဖွယ်။)
         ဆရာတော်သည် တရားစခန်းများသို့ မရောက်ဘူးစဉ်က မသွားတတ်မလာတတ်၍ လိမ္မော်ခြံရွာမှ ဦးသီဟ ဆိုသော ကိုရင်ကြီးတစ်ပါးက လိုက်ပို့ခဲ့ရသည်။ (ကျေးဇူးရှင်တစ်ပါးဟု မိန့်ပါသည်။) ကိုရင်ကြီး က မင်းကွန်းရိပ်သာသို့ ပထမဆုံးလိုက်ပို့ပါသည်။ ဆရာတော်မှာ သတိပဋ္ဌာန်တရားကို ပွားများ အားထုတ်ရင်း တရားအပေါ်ယုံကြည်သော သဒ္ဓါတရား အလွန်အမင်း ထက်သန်လာပြီး ရှိသမျှ ပစ္စည်းများအား လှူပစ်သည် အထိ ဖြစ်လာခဲ့သည်။ နေပုံ၊ ထိုင်ပုံ၊ ပြောပုံ၊ ဆိုပုံများသည် သူများနှင့်မတူ။ တရားအပေါ်မှာသာ အာရုံစူးစိုက် မှုများနေ၍ ပတ်ဝန်းကျင်အား မေ့လျော့သွားခဲ့ရ၏။ ဒုက္ခဖြစ်ပေါ်ရာ ခန္ဓာကိုယ်ကြီးအား စက်ဆုပ်ရွံရှာလာ၍ ဘာကိုမှ မက်မောတွယ်တာမှု မရှိတော့။ ထို့ကြောင့် ရှိပစ္စည်း များအား လှူပစ်ခြင်းပင်။ ဒါကိုမသိသောသူများက ဒီကိုယ်တော် စိတ်ဖောက်ပြန်သွားပြီလားဟု ထင်ခဲ့ကြ သည်။ တရား၏ သိမ်မွေ့နူးညံ့မှုများကို ကိုယ်တိုင် ကိုယ်ကျ မခံစားတတ်ကြ၍ တရား လုပ်နေသော သူများကို စိတ်မနှံ့သူဟု ထင်သူထင်၊ အချို့မှာ ကာယကံ၊ ဝစီကံ၊ မနောကံများဖြင့် စော်ကား မိတတ်ကြပါသည်။ အရိယူပ ကံကြီးထိုက်မှာကို သတိပြုဖွယ်ပင် ဖြစ်ပါသည်။
မင်းကွန်းရိပ်သာမှ တာဝန်ရှိသူ တချို့က ဒီကိုယ်တော် စိတ်ဖောက်သွားပြီထင်၍ ဂရုစိုက် စောင့်ကြည့်  ခြင်းပင်ခံခဲ့ရပါသည်။ ထိုအကြောင်းအရာများအား တရားအားထုတ်ဖော် အားထုတ်ဖက် တွံတေးမှ ကရင် ဦးပဉ္စင်းကြီး တစ်ပါးက ပြန်ပြောပြ၍ သိရခြင်းပင်။
“အရှင်ဘုရားကို တရားအားထုတ်နေစဉ်မှာ နှစ်ယောက်၊ သုံးယောက် လောက်က အမြဲစောင့်ကြည့် နေတာ သိလား”
ဟုမေးရား-
“ဘာဖြစ်လို့များလဲ၊ တပည့်တော်လည်း တရားအားထုတ်နေတာပဲ”
ပြောတော့ ကရင်ဦးပဉ္စင်းကြီးက-
“အရှင်ဘုရား အပြုအမူတွေက ဖောက်သလိုဖြစ်နေတော့ သူတို့က စိုးရိမ်တာပေါ့” ဟုဆိုသည်။
မင်းကွန်းရိပ်သာမှ မဟာစည်ရိပ်သာသို့ပြောင်းပြီး စခန်းဝင်တော့ စောင့်ကြည့်နေသည့် ပုဂ္ဂိုလ်များ မဟာစည်ထိ လိုက်လာကြသည်ကို တွေ့ရပါသည်။ ‘ဒီကိုယ်တော် ဘာများဖြစ်မလဲ’ ဟုထင်ကြသည် ဆို၏။
ဆရာတော်၏မိန့်မှာချက်
       “တရားရှာရာ၌ မည်သည့်နည်းပင် ဖြစ်စေ (မင်းကွန်း၊ မဟာစည်၊ မိုးကုတ်၊ လယ်တီ) တစ်နည်းနည်း အား တစိုက်မတ်မတ်၊ တစ်ဆက်တစ်စပ်တည်း ကျင့်ကြံအားထုတ်သွားလျှင် မိမိ ရည်ရွယ်ရာ ပန်းတိုင်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွား နိုင်သည်။ ဟိုနည်းကောင်းနိုး၊ ဒီနည်းကောင်းနိုးဖြင့် လိုက်လံစူးစမ်းနေရင်းဖြင့် တရားလမ်းကြောင်းမှ သွေဖည် သွားတတ်သည်။ ယခုခေတ်လူတွေက တစ်နှစ်တစ်ခါ ဘုရားပွဲကျင်းပသလိုမျိုး တစ်နှစ်တစ်ခါမှ တရားစခန်းဝင်၊ ပြီးတော့ အိမ်ပြန်ရောက်တော့မေ့။ ဒါနဲ့(၁)ကနေချည်းပဲ ပြန်ပြန်စ နေကြတာ။ နောက်ဆိုရင် (၁)တောင်ရတော့မှာ မဟုတ်ဘူး” ဟုမိန့်ကြားပါသည်။
        တရားဟူသည် လွယ်လွယ်နှင့် မရသလို ခက်အောင်ဆိုပြီးတော့လည်း မိမိခန္ဓာကိုယ်အား နှိပ်စက်ညှဉ်းပန်းနေစရာမလို။
သို့သော်…
        ဝီရိယအားကိုမလျှော့ဘဲ မဆုတ်မနစ်သော ဇွဲ၊ လုံ့လဖြင့် မီးပွတ်သောယောက်ျားကဲ့သို့ ကျင့်ကြံ အားထုတ်ရသည်။ သဒ္ဓါနှင့်ပညာ၊ သမာဓိနှင့်ဝီရိယ နွားနှစ်ကောင်က သကဲ့သို့ မျှတမှုရှိမှသာ ဝိပဿနာယာဉ် သည် နိဗ္ဗာန်သို့ ရောက်နိုင်ကြောင်း နှင့် ယခုခေတ်လူများသည် တရားစခန်း တစ်ခါဝင် ၍ ဉာဏ်စဉ်တရား တစ်ခါ နာရလျှင်ပဲ ကိစ္စပြီးပြီ ထင်နေပြီး လမ်းခုလတ်မှာ ထိုင်ပစ် လိုက်ကြသည်။ သို့အတွက်ကြောင့် တရားသည် တစ်ဆက် တစ်စပ်တည်း မဟုတ်တော့ဘဲ ပျောက်သွား ၍ အစ သံသရာမှ အဆုံးသို့မရောက်တော့ဘဲ တဝဲလည် လည် ဖြစ်နေတတ်ကြ၏။ တချိုကလည်း တရားစခန်း ဝင်တာ ဘယ်နှစ်ရက်ရှိပြီ၊ တရားထူးမရနိုင်သေးဘူးလား။ ရသင့်ပါပြီ စသည်ဖြင့် လောနေ တတ်ကြ သည်။ ကြက်ဥဖောက်စက်ထဲ ကြက်ဥထည့်ပြီးအကောင်ဖောက်သလို ဘယ်နှစ်ရက်ဆိုလျှင် ပေါက်ရမည် ဟု တရားကို မသတ်မှတ်သင့်ကြပါပေ။
ဘုရားရှင်၏ ဧကဓမ္မပါဠိ တတိယဝဂ်၌-
       ‘ကောင်းမွန်မှန်ကန်သော တရားကျင့်ဝတ် မဟုတ်ရာ၌ လုံ့လ၊ ဝီရိယကြီးသူသည် ဒုက္ခရောက်၍ လုံ့လနည်းသူသာ ချမ်းသာရ၏။ ကျင့်ကြံသော်လည်း ဆင်းရဲလွတ်ကြောင်းတရားမဟုတ်သောကြောင့် တည်း။
     ကောင်းမွန် မှန်ကန်သော တရားကျင့်ဝတ်၌ကား လုံ့လ၊ ဝီရိယကြီးသူသာ ချမ်းသာ၍ လုံ့လနည်း သူမှာ ဆင်းရဲရသည်’ ဟု သာသနာ့ လမ်းစဉ်နှင့် သာသနာ့အပြင်မှ လမ်းစဉ်တို့ ဝီရိယအသုံးချပုံကို နှိုင်းယှဉ် ၍ ဟောတော် မူခဲ့ပါသည်။
        ဆရာတော် မိန့်သည်မှာလည်း ဤအတိုင်းပင်။ တရားကို တစိုက်မတ်မတ်ရှိနေမှသာ လိုချင်သော တရားထူးကို ရနိုင်မည် ဖြစ်ပါ၏။ ယခုခေတ်လူ အများသည် သဒ္ဓါတရား၊ ဒါနတရား အလွန်ထက်သန် ကြပါ သည်။ သို့သော် အရာရာ၌ အလွန်အားနည်းနေကြသည်။ တရားထူး တရားမြတ်ရနိုင်သော အခွင့်ကောင်း၊ အခါကောင်းထဲမှာ ဘာကြောင့် တရားမရနိုင်ကြသနည်း ဆိုတော့ လူမှုဒုက္ခ ပလိဗောဓ များနေကြရ၍ တရား စခန်းမှာ အချိန်မပေးနိုင်ကြသဖြင့် တရားရမည်ကြံလိုက်၊ ပျောက်သွားလိုက်ဖြင့် လုံးချာလိုက်နေကြခြင်းပင် ဖြစ်ပါတော့သည်။
မြစိမ်းတောင်တောရ (၁)
         မြစိမ်းတောင်ရွာကျောင်း တရားရိပ်သာမှ ခြေကျင်လျှောက်လျှင် (၁)နာရီခန့်ရှိမည်ထင်ပါသည်။ ခြံတွေဆိုသော်လည်း စင်စစ်တောကြီးမျက်မည်းထဲ ရောက်နေသလိုခံစားရသည်။ ဆရာတော် အရှင်ဇာနေယျ တည်ထောင်ခဲ့သော တောရ(၄)ခုတွင် တောရ(၁)မှာ အကြီးဆုံးတရားရိပ်သာ ဖြစ်ပါ သည်။ အလယ်ရွာဟိုဘက်မှာက တောရ(၃)၊ တောရ(၄)သည် တောရ(၁)မှ မိနစ်(၃၀)ခန့်လျှောက်လျှင် ရောက်သည်။ တောရ(၁)တရားရိပ်သာအနီး လျှိုမြောင်ထဲ၌ မူလက ဆရာတော် တရား အားထုတ် ရာ တရားစခန်းဟောင်း ရှိသည်။ ‘တောရ(၁)စခန်းဟောင်း’ ဟုခေါ်ကြသည်။ သံဃာနှစ်ပါး၊ သုံးပါးသီတင်း သုံးနေကြသည်။ ယခင်က ဆရာတော်နှင့် တပည့်သံဃာအနည်းငယ်သာ သီတင်းသုံးခဲ့ကြသည်  ဆို၍ ဆင်ရိုင်းများ ပေါများသော ထိုတော ကြီးထဲ၌ ကျင့်ကြံအားထုတ်ရဲသော ဆရာတော်၏ မေတ္တာစွမ်းအား ကို ကြည်ညိုမိပါတော့သည်။
       တောရ(၁)သည် အတန်င် အဝန်းအဝိုင်းကျယ်ပြန့်ကာ မူလကတောကြီးကိုရှင်းလင်းပြီး သီဟိုဠ်ခြံ ကြီး အဖြစ် စိုက်ပျိုးထားရာမှ အလှူအမကြီး ဒေါ်အေးက ယင်းသီဟိုဠ်ခြံကြီးကိုဝယ်ယူပြီး ဆရာတော် တောရရိပ်သာ ဖွင့်လှစ်နိုင်ရန် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ဆရာတော်၏ ဤပဋိပတ္တိသာသနာပြုလုပ်ငန်း များအား ဆရာဒကာ အဖြစ် ပံ့ပိုးနေသူမှာ ရန်ကုန်မှ ဦးမြတ်ဌေးလင်းနှင့် ဇနီးဒေါ်စုစုကိုတို့ ဖြစ်ပါသည်။ ရန်ကုန်မြိုမှ ဦးတူးနှင့်မိသားစုကလည်း မြစိမ်းတောင်ကျောင်း တောရရိပ်သာများအတွက် ဆန်၊ ဆီ အစရှိသည့် ဆွမ်းကိစ္စအပြင် နဝကမ္မ ဝတ္ထု အလှူများ ကိုလည်း ဦးဆောင်စုစည်းပြီး တစ်လတစ်ခါ လာရောက်လှူဒါန်းနေသည်မှာ သာဓုအနုမောဒနာ ခေါ်လောက်ပါပေ၏။
အို- ယောဂီ သူတော်စင်အပေါင်းတို့ …
         မဟာစည်ဆရာတော်ဘုရားကြီး၏ နည်းနာအတိုင်း အနည်းဆုံး(၁၅)ရက်ပဲ စခန်းဝင်ဝင်၊ တစ်လ၊ နှစ်လမှစ၍ တစ်သက်တာလုံးပဲ အားထုတ်လိုက အားထုတ်။ ဤမြစိမ်းတောင်ရွာကျောင်း ပင်မ ရိပ်သာကြီး နှင့် တောရ (၁)၊ (၂)၊ (၃)၊ (၄) တို့မှ နေရေးထိုင်ရေး၊ ဆွမ်းကွမ်းမှအစ လိုလေသေးမရှိ ကူညီထောက်ပံ့၍ နေကြပါသည်။ ဆရာတော်အရှင်ဇေနေယျနှင့်အတူ တပည့်ကြီးနှစ်ဦးဖြစ်သော ရှင်ဥက္ကဋ္ဌ၊ ရှင်သောဘနတို့ကလည်း ကူညီ၍ တရားပြပေး၊ တရားစစ်ပေးရင်း ပဋိပတ္တိသာသနာ ပြုနေ ကြပါသည်။
       ဒေါ်သစ္စာ၊ ဒေါ်ပဏ္ဍိ၊ ဒေါ်ဧကတို့နှင့် သီလရှင်ယောဂီများကလည်း တောရရိပ်သာ ဝေယျာဝစ္စ အလုပ်က တစ်ဖက်၊ သတိပဋ္ဌာန်တရား ပွားများအားထုတ် ကြရင်း ကြိုးစားနေကြပါ၏။ စင်စစ် ဤမြစိမ်း တောင်တောရိပ်သာသည် တောကြီးအတိလို ဖြစ်နေသည်။ မြို့ပြလိုဆူညံမှုမရှိ။ ကျင့်ကြံပွားများ အားထုတ် နေကြသော ယောဂီရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များသည် အေးချမ်းငြိမ်သက်စွာ တရားထိုင် သူကထိုင်၊ တရားမှတ်ရင်း လမ်းလျှောက်သူကလျှောက်ဖြင့် ဆူညံခြင်းမရှိ ငြိမ်းအေးလှသည်။ တစ်ပါး နေကျောင်း၊ နှစ်ပါးနေ ကျောင်းလေးတွေကလည်း သပ်သပ်ရပ်ရပ်ဖြင့် နေချင့်စဖွယ်။ မြစိမ်းတောင် ကုန်းထိပ်ရှိ မဟာဝိသုဒ္ဓိစေတီတော်ကြီးမှ ဆည်းလည်းသံတို့က တရားသံဝေဂ ရစရာကောင်း လှသည်။ ကြီးမားလှသော ဗောဓိညောင်ပင်ကြီး၏ အရိပ်အာဝါသကလည်း အေးချမ်းပေစွ။ တကယ်တော့ ဤ မြစိမ်းတောင်ကျောင်း ရိပ်သာကလေးသည် တရားကိုသာ အာရုံစိုက်၍ အားထုတ်လိုသူ ယောဂီ သူတော်စင်များအတွက် တရားအောင်မြေဌာန ကောင်းတစ်ခု ဖြစ်ကြောင်း ကလျာဏအနွယ်ဝင် သူတော်စင် အပေါင်းတို့အား နှိုးဆော် လိုက်ရပါပေသည်။
   (Share this page on Facebook
)
သန့်ဇင်
သူရဇ္ဇမဂ္ဂဇင်း အတွဲ(၁၀) အမှတ်(၁)
Typed By Ko Ye Naing Oo