ဒွိဟိတ်ဖြစ်ဖြစ်၊ တိဟိတ် ဖြစ်ဖြစ် ဘာဟိတ်ဖြစ်ဖြစ် အားထုတ်ရမှာပဲ။ ရတာ မရတာ တရားရဲ့ တာဝန်၊ ကိုယ့်တာဝန် မဟုတ်ဘူး။ မိမိရဲ့တာဝန်က အားထုတ်ရမှာဘဲ။
ဒွိဟိတ်ဆိုရင် နောက်ဘ၀ တိဟိတ်ဖြစ်မယ်။ တိဟိတ်ဖြစ်တော့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရမှာပေါ့။ ဒွိဟိတ်ဆိုပြီး အားမထုတ်တဲ့ ပုဂ္ဂိုလ်က နောက်ဘဝကျတော့ အဟိတ်ဖြစ်ပြီးတော့ အပယ်ကျ သွားတော့ကဲ လူတောင်ဖြစ်ပါတော့မလား။

မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ

 

 

ရေဥပမာတရားတော် (ဆဌမပိုင်း)  (ဓမ္မမှတ်စုများ-၁၁)


ဘေးကို မမြင်ဆိုတာ ကိုယ်လာမယ့် ဘေးကို မမြင်တာ။ တရားကို အသာ ထားလိုက်အုံး ယောဂီတို့ လောကီဘက်ကို ခဏကြည့်ရအောင် ဥပမာအနေနဲ့ ။ တချို့အိမ်ထောင်ဦးစီးတွေ ဖြစ်နေတယ်။ စားဝတ် နေရေးဘေးကို မမြင်တဲ့ အိမ်ထောင်ဦးစီးတွေ မရှိဘူးလား။ (ရှိပါတယ်ဘုရား။) အရက်သောက်၊ ဖဲရိုက်၊ လုပ်ချင်တာ လုပ်နေတာလေ။ ကိုယ့်မိသားစုကို ကိုယ်လုပ်ကျွေးဖို့ တာဝန်ရှိတယ် မဟုတ်လား။ ယောဂီ တို့ လောကီနဲ့ လောကုတ္တရာကို မျှကြည့်မှ ပိုပြီးထင်ရှားတာနော်။ လောကီကို ထည့်ပြောတာ လောကီကို သာယာစေချင်လို့ အားပေးတာ မဟုတ်ဘူး။ ဥပမာထင်ရှားအောင်ပြောတာ။ လောကီမှာ အိမ်ထောင်ပြု ပြီးတော့ ကိုယ့်မိသားစုအရေး၊ စားဝတ်နေရေးကို ဘာမှ ဂရုမစိုက်ပဲနဲ့ ဖြစ်ကတက်ဆန်းနေတဲ့ ပုဂ္ဂိုလ်တွေ မရှိဘူးလား။ (ရှိပါတယ်ဘုရား။) အဲ… ဘေးမမြင်တဲ့ ပုဂ္ဂိုလ်တွေပေါ့။ ဘေးမမြင်တဲ့ ပုဂ္ဂိုလ်တွေ။ နောက် ကျတော့ မိသားစုတွေ ဒုက္ခမရောက်ဘူးလား (ရောက်ပါတယ်ဘုရား။) အဲဒါ။ လောကီပိုင်း ဆိုင်ရာ။

လောကုတ္တရာပိုင်းဆိုင်ရာလည်း ဒီအတိုင်းဘဲ။ ဘေးမမြင်ဘူးတဲ့။ စားဝတ်နေရေးတော့ မြင်ပါတယ် သူတို့။ ချမ်းသာဖို့ ချမ်းသာဖို့ မြင်ပါတယ်။ အချိန်မရွေး သေနိုင်တယ်ဟေ့။ သေလို့ရှိရင် ငါပုထု ဇဉ်ဘဲ ရှိသေးတယ်။ အပယ်လေးပါး ကျနိုင်သေးတယ်။ အဲဒါကို မမြင်တဲ့ပုဂ္ဂိုလ်တွေက ပိုမများဘူးလား။ (များပါတယ်ဘုရား။) အပယ်လေးပါးကျမယ့်ဘေးကို မမြင်တာ။ အဲဒါ ဘေးကို မမြင်ဆိုတာ အဲဒါကို ပြောတာ။ လာမယ့်ဘေးကို မမြင်ကြဘူး။

ဘေးတွေကလည်း အင်မတန် မများဘူးလားဗျာ။ (များပါတယ်ဘုရား။) သူတော်ကောင်းတို့ ဘေးဆိုတာ ရိုးရိုး သေမယ့်ဘေးတင် မဟုတ်ဘူး။ ဝဋ်ကြွေးတွေကလည်း ရှိသေးတယ်။ ဟိုတုန်းက သူများကို သူတော်ကောင်းတို့ ကျိုးအောင်၊ ကန်းအောင်၊ ပဲ့အောင်လုပ်ထားတဲ့ ကံကြမ္မာတွေရှိရင် အခုဘ၀ မှာလည်း ကျိုးဖို့၊ ကန်းဖို့ဟာတွေက ဘယ်အချိန် ဆိုက်မယ်ဆိုတာ ပြောနိုင်ပါ့မလား။ (မပြောနိုင်ပါ ဘူးဘုရား။) ကဲဘေးတွေ၊ ရန်တွေ၊ အန္တရာယ်တွေ မများဘူးလား။ (များပါတယ်ဘုရား။) ကိုယ် ဟိုတုန်းက သူများကို မတရားလုပ်ခဲ့တဲ့ အကုသိုလ်ကံတွေ ပါရင် အခုလည်းပဲ ခုဘဝမှာ ပြန်ပြီး တော့ မတရား သတ်ခံရမယ်၊ မတရားအညှင်းဆဲခံရမယ်။ ဒါတွေဟာလည်းဘဲ ဘယ်အချိန် ဆိုက် မယ်ဆိုတာ ပြောနိုင်ပါ့ မလား။ (မပြောနိုင်ပါဘူးဘုရား။) ဟာ မပြောနိုင်လို့ရှိရင် ဘာလုပ်သင့်လဲ။ (ဝိပဿနာတရားကို အား ထုတ်သင့်ပါတယ်ဘုရား။) အေး.. အဲဒါ အဲဒီကို ရောက်ရမှာ သူတော်ကောင်း တို့။ တရားနာရင်းနဲ့ ပြီးသွားမှာစိုးလို့ သတိပေးနေတာနော်။ (မှန်လှပါဘုရား။)

ဒီနေ့ကတော့ လူကောင်းပဲဗျာ ကောင်းကောင်းမွန်မွန်။ နောက်နေ့ကျတော့ တခါတည်း ကျိုးပဲ့ပြီးတော့ မသေဘူးလို့ ပြောနိုင်ပါ့မလား။ (မပြောနိုင်ပါဘူးဘုရား။) ဘေးတွေ ဘေးတွေ ကိုပြောနေပါတယ် သူတော်ကောင်းတို့။ ဒီနေ့ကတော့ ဗုဒ္ဓဘာသာဘဲတဲ့။ သြကာသ သြကာသလုပ်နေကြတယ်၊ နောက်နေ့ ကျတော့ ဘုရားပုံကို ခြေထောက်နဲ့ တက်နင်းတဲ့ ပုဂ္ဂိုလ်မဖြစ်ဘူး ပြောနိုင်ပါ့မလား။ (မပြောနိုင်ပါ ဘူးဘုရား။) ဒီနေ့ကတော့ ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ဓမ္မသရဏံဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိ ဘုရားဒကာ၊ ကျောင်းဒကာဘဲ။ နောက်နေ့ကျတော့ ဘုရား၊ တရား၊ သံဃာ ကော်ဆဲတဲ့ပုဂ္ဂိုလ် မဖြစ်ဘူးလို့ ပြော နိုင်ပါ့မလား။ (မပြောနိုင်ပါဘူးဘုရား။) ကဲ ဘေးတွေရန်တွေ မများဘူးလား။ (များပါတယ်ဘုရား။) ဘေးတွေရန်တွေ အန္တရာယ်တွေများ လို့ရှိရင် အခုဘာလုပ်မလဲ။ (ဝိပဿနာ တရား အားထုတ် ရမှာပါ ဘုရား။) အေး ဘေးတွေရန်တွေ မလာခင် မြန်မြန်ဆန်ဆန် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရအောင် တရား အားထုတ်ပါ။ ဒီကို ရောက်အောင်ယူရမှာနော်။

ယောဂီတို့က ပညာရှိလို့ အခု အားထုတ်တာဗျ။ ယောဂီတို့ ဘီအေ(B.A)၊ ဘီအက်စီ (B.Sc) ကို ပြောတာ မဟုတ်ဘူးနော်။ လောကုတ္တရာပညာကို လှမ်းပြီး အမြော်အမြင်ရှိလို့ အားထုတ်တာ။ တစ်နာရီရရ နှစ်နာရီရရဟေ့ တို့ ကြိုးစားမယ်၊ အားထုတ်မယ်၊ တရားနာမယ်။ ဘယ်အချိန် သေမယ်မှန်းမသိဘူး။ ဘယ်အချိန် ဘေးက ဘယ်လိုဆိုက်မှန်းမသိဘူး။ နောက်နေ့ နောက်နေ့တွေ မဆိုင်းနိုင်ဘူး။ ရတဲ့ အချိန် ကြိုးစား အားထုတ်မယ်။ ဒါဘေးမြင်တဲ့ ပုဂ္ဂိုလ်က ကဲ ကုသိုလ် မရဘူးလား။ (ရပါတယ်ဘုရား။) ဘေးမမြင်တဲ့ ပုဂ္ဂိုလ်ကတော့ ဟိုအကြောင်း ဒီအကြောင်း၊ ဟိုကိစ္စ၊ ဒီကိစ္စ၊ ဟာ ကိစ္စတွေက ပြီးနိုင်တယ်မှ မရှိပဲ။ ကိစ္စတွေက တစ်ခုပြီး တစ်ခု၊ တစ်ခုပြီး တစ်ခုဆက်နေတာ။ သေတဲ့အထိ ပြီးပါ့မလား။ (မပြီး ပါဘူးဘုရား။) မပြီးတဲ့ ကိစ္စတွေလုပ်နေတာနဲ့ဘဲ တရားက မရတော့ဘူး။ ယောဂီတို့ သေချာတွေးပါ။ နံပါတ်(၃) ပုဂ္ဂိုလ်ကို ပြောနေပါတယ်။

နံပါတ်(၃) ပုဂ္ဂိုလ်က သူက ဥစ္စာပေါ၊ ရုပ်ချောရင် တော်ပြီလေ။ ခံစားဖို့၊ စံစားဖို့လုပ်တာကိုဗျ။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရဖို့ လုပ်တာမှ မဟုတ်ဘဲ။ အဲဒီတော့ သူက ကမ်းကိုမရှာဘူး။ ကမ်းမရှာဘူးဆိုတာက ဝိ ပဿနာကို မလုပ်ဘူး ဒါကိုပြောတာ။ ကမ်းမရှာတဲ့ ပုဂ္ဂိုလ်က ဘေးကို မမြင်လို့။ “ဘေးကိုမမြင် ခေတ် လျှင်ချထား” တဲ့။ တချို့ က ခေတ်ကိုချထားတယ်။ ဒီခေတ်ကြီးက ရမယ့်ခေတ်မဟုတ်ပါဘူးတဲ့။ ရတဲ့ ပုဂ္ဂိုလ်တွေ တပုံကြီး သူသိမှ မသိပဲ။ ခေတ်ကို ချထားတဲ့ ပုဂ္ဂိုလ်တွေကလည်း မရှိဘူးလား။ (ရှိပါ တယ်ဘုရား။) ဒီခေတ်ကြီးကကွာ ဆုတ်ကပ်ခေတ်ကြီးပါ။ ဘယ်ရနိုင်ပါ့မလဲ။ ဘုရားလက်ထက်တုန်းကမှ ရကြတာ။ တို့ခေတ်ကြီးက အကုန်လုံး ဆုတ်ကပ်တွေ ဖြစ်နေတာ။ အစစ အရာရာ ရှားပါးပြီးတော့ အစစ အရာရာ ဒုက္ခရောက်နေတာ။ ဟာ အဲဒါနဲ့ မဆိုင်ပါဘူး။ အခု ပိဋကတ်သုံးပုံ ရှိနေသေးတယ်ဗျ။ ပိဋကတ် သုံးပုံ ဆောင်တဲ့ ဆရာတော်ဘုရားကြီးတွေလည်း ရှိမနေဘူးလား။ (ရှိနေပါတယ်ဘုရား။)

သူဘာသူ စီးပွားရေးတွေ ဘာတွေ ညာတွေ တက်တာကျတာ ကိုယ်နဲ့ မဆိုင်ပါဘူး။ အဓိကက ဟောမယ့် ပြောမယ့် သစ္စာတရား ဟောမယ့် ဆရာသမားတွေ ရှိတယ်။ သစ္စာတရား ကျင့်ကြံကြိုးကုတ် အားထုတ်တဲ့ ယောဂီတွေလည်း အများကြီးရှိတယ်နော်။ အဲ ကိုယ်က ကိုယ့်အိမ်ထဲမှာ ကုတ်နေလို့ မသိတာ။ ရိပ်သာတွေမှာ အများကြီးရှိတယ်ဗျ။ နိုင်ငံခြားကလာအားထုတ်တာတွေလည်း အများကြီးဘဲ။ အဲဒီတော့ သစ္စာတရားပြမယ့်သူလည်းရှိတယ်။ သစ္စာတရားအားထုတ်တဲ့ ယောဂီလည်း ရှိတယ်ဆိုတော့ ဒီအချိန်က သာသနာ မဆိတ်သုဉ်းဘူး။ သာသနာ ထွန်းတောက်နေတဲ့ အချိန်။ အဲဒါကို တချို့က ခေတ်ချ ထားတာ မရှိဘူးလား။ (ရှိပါတယ်ဘုရား။) ဒီခေတ်ကြီးကကွာ တရားရမယ့် ခေတ် မဟုတ်ပါဘူးဆို။ “ဘေးကိုမမြင် ခေတ်လျှင်ချထား” တဲ့။

တချို့ကျတော့ နည်းနည်းပါးပါး ဗဟုသုတရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ပါရမီလွှဲချတယ်။ ငါက ပါရမီ နည်းသေး တယ်တဲ့။ တစ်စက်မှ မဖြည့်ပဲနဲ့ အဲဒီပါရမီက ပြည့်ပါ့မလား။ (မပြည့်ပါဘူးဘုရား။) ပါရမီလွှဲချရတာနဲ့ ၊ ခေတ်လွှဲချရတာနဲ့။ အဲ… ဒုက္ခရောက်ချင်တဲ့ ပုဂ္ဂိုလ်တွေပေါ့ဗျာ။ ခေတ်ကြီးက မကောင်းပါဘူးဆိုပြီးတော့ ခေတ်လွှဲချတယ်။ ဟာ ငါက ပါရမီလိုသေးတယ်တဲ့။ ပါရမီလိုသေးတဲ့ ပုဂ္ဂိုလ်က ဘာလုပ်နေလဲတဲ့။ အကု သိုလ်လုပ်နေတယ်။ အဲဒီ ပါရမီကြီးက ပြည့်ပါ့မလား။ (မပြည့်ပါဘူးဘုရား။) ပါရမီလိုတယ်ထင်ရင် ဖြည့် ပေါ့။ ပကတိသာဝကမှာ ပါရမီ မလိုဘူးတဲ့။ အခု သာသနာတော်ကြီးနဲ့တွေ့တယ် လူလည်း ဖြစ်နေတယ်၊ သစ္စာတရားဟောတဲ့ ဆရာသမားလည်းတွေ့တယ်၊ ကိုယ်ကိုယ်တိုင်လည်းဘဲ ထောင်နိုင်တဲ့ ဉာဏ်နား ရှိတယ်ဆို အားထုတ်ဖို့ဘဲ ကျန်တော့တယ်မဟုတ်လား။ အဲဒါ ကြံဖန်ပြီး တော့ အမျိုးမျိုး ဆင်ခြေမြင်းခြေ ပေးနေတယ်ဆိုတာ ကိုယ်ဟာကို ဒုက္ခရောက်ချင်လို့။ ဟုတ်တယ် မဟုတ်လား။ (မှန်ပါတယ်ဘုရား။)

“ဘေးကိုမမြင် ခေတ်လျှင်ချထား၊ စောင့်စားပါရမီ ဒွိဟိတ်မည်နှင့်” တချို့ကလည်း နည်းနည်းပါးပါး သြင်္ဂိုလ်တွေ ဘာတွေ သင်ထားတာ ရှိမှာပေါ့လေ။ ဟာ… ငါတို့က ဒွိဟိတ်နဲ့တူတယ်။ ဒါတွေက တိဟိတ် သမားတွေ ရတာ။ ဒွိဟိတ်က ရတာမဟုတ်ဘူး။ ဒွိဟိတ်က တစ်သက်လုံး အားထုတ် ရတာမဟုတ်ဘူး ဟေ့။ အဲဒီတော့ မရမယ့် အတူတူတော့ အားမထုတ်တော့ဘူး။ ဒီလိုလုပ်ပစ်တာ။ ဒွိဟိတ်လည်း အား ထုတ်ရမှာဘဲ။ ဒွိဟိတ်၊ တိဟိတ်ဆိုတာ ကိုယ်ကသိပါ့မလား။ (မသိပါဘူးဘုရား။) ကိုယ့်တာဝန်က အားထုတ်ရမှာဘဲ။ ဒွိဟိတ်ဆိုရင် နောက်ဘ၀ တိဟိတ်ဖြစ်မယ်။ တိဟိတ်ဖြစ်တော့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရမှာပေါ့။ ဒွိဟိတ်ဆိုပြီး အားမထုတ်တဲ့ ပုဂ္ဂိုလ်က နောက်ဘဝကျတော့ အဟိတ်ဖြစ်ပြီးတော့ အပယ်ကျ သွားတော့ကဲ လူဖြစ်ပါတော့မလား။ (မဖြစ်တော့ပါဘူးဘုရား။) ဒွိဟိတ်ဖြစ်ဖြစ်၊ တိဟိတ် ဖြစ်ဖြစ် ဘာဟိတ်ဖြစ်ဖြစ် ကိုယ်ကဘာလုပ်ရမှာလဲ။ (အားထုတ်ရမှာပါဘုရား။) ရတာ မရတာ တရားရဲ့ တာဝန်၊ ကိုယ့်တာဝန် မဟုတ်ဘူး။ မိမိရဲ့တာဝန်က အားထုတ်ရမှာဘဲ။

မိမိရဲ့ တာဝန်က အားထုတ်ရမှာ။ ကိုယ်ရတဲ့ အချိန် တစ်နာရီရရ၊ နှစ်နာရီရရ ရသလောက်ကို အားထုတ်ရမှာ။ “တစ်လီဓိပတိတ်” တစ်လီဓိပတိတ် ဟာ အဓိပတိ ပုဂ္ဂိုလ်ကြီးတွေမှရမှာ။ အနာထ ပိဏ်တို့၊ ဝိသာခါတို့မှ ရတာ။ တို့က ဒီလိုချမ်းသာတာလည်းမဟုတ်ဘူး၊ ဉာဏ်လည်းရှိတာလည်း မဟုတ် ဘူး၊ ဘယ်ရနိုင်ပါ့မလဲ။ ဟာ သူ့ဆုတောင်းနဲ့သူရတာ။ တချို့ သူတောင်းစား တွေတောင်မှ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရသွားတာတွေ မရှိဘူးလား။ (ရှိပါတယ်ဘုရား။) အနာထပိဏ်လို၊ ဝိသာခါလို သူဌေးဖြစ်မှ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရတာ မဟုတ်ဘူးဗျ။ ဆင်းရဲသားတွေ ရသွားတာတွေလည်း အများကြီး ရှိတာဘဲ။ လူတွေလည်း ရတာဘဲ၊ နတ်တွေလည်းရတာဘဲ၊ အားထုတ်ရင် ရတာဘဲ မဟုတ်လား။ (မှန်လှပါဘုရား။)

အဲဒါကို အဓိပတိပုဂ္ဂိုလ်ကြီးတွေမှ ရမှာ၊ ငါတို့က ကျကျနနလည်း တရားလည်းအားထုတ်ခွင့် မရဘူး။ သားနဲ့သမီးနဲ့ အလုပ်တွေကလည်း ရှုပ်နေ ရမှာ မဟုတ်တော့ပါဘူး။ လုပ်ဖြင့် မလုပ်ရသေးဘူး အား လျော့တာ အရင်ဘဲ။ အဲဒီပုဂ္ဂိုလ် ရပါတော့မလား။ (မရတော့ပါဘူးဘုရား။) ဘယ်လို အခြေအနေ ဘဲဖြစ်ဖြစ် ဒါ အနတ္တတရားဘဲ။ အနတ္တတရားက ကိုယ် ပစ္စုပ္ပန် အချိန်ကို အကောင်းဆုံး ကြိုး စားရမှာ။ သားတွေ၊ မယားတွေ၊ ရတာမရတာတွေက အကြောင်းမဟုတ်ဘူး။ သားမယားရှိရှိ၊ မရှိရှိ။ ရတဲ့အချိန်လေး ကြိုးစားရမယ်။ ဒီလိုမဟုတ်လား သူတော်ကောင်းတို့။ အဲဒီလို အမြော် အမြင်မရှိတဲ့ ပုဂ္ဂိုလ်ဟာ နံပါတ်(၃)ပုဂ္ဂိုလ်၊ မြောနေတဲ့ ပုဂ္ဂိုလ်။
 

 

             
   (Share this page on Facebook
)


(ဆက်ရန်.. )

ရေဥပမာတရားတော် (သတ္တမပိုင်း)  Click here

Typed By: Monica Pyone

Vimuttisukha Bliss Facebook မှကူးယူးဖော်ပြပါသည်။