မြင့်တဲ့သူတွေကြားမှာ နိမ့်သူဖြစ်ပါတဲ့။ မြင့်တဲ့သူတွေဆိုတာ မာန်မာနတွေ မြင့်တဲ့သူတွေ မများ ဘူးလား၊  မာန်မာန တွေ ချထားပါ။
နိမ့်တဲ့သူတွေကြားမှာ မြင့်သူဖြစ်ပါတဲ့။ နိမ့်တဲ့သူတွေကြားဆိုတာ သီလ၊ သမာဓိ၊ ပညာ နိမ့်တဲ့သူတွေ မများဘူးလား။ ကိုယ်က သီလ၊ သမာဓိ၊ ပညာမြင့်အောင် ကြိုးစားပါ။
ပျော်တဲ့သူတွေကြားမှာ မပျော်ပါနဲ့။ အခု သားနဲ့မယားနဲ့ ပျော်တဲ့သူတွေ မများဘူးလား။  မပျော်နဲ့။ အဲဒါ ဒုက္ခရောက်မယ့် အပျော်လို့ခေါ်တယ်၊ သူ့ဟာသူ ဘယ်သူပျော်ပျော် မပျော်နဲ့။ အဲဒါ ကမ်းရှာတဲ့ပုဂ္ဂိုလ်တွေ မဟုတ်ဘူး၊ ချုံပုတ်ထဲမှာ အိပ်နေတဲ့ပုဂ္ဂိုလ်တွေ

မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ

 

 

ရေဥပမာတရားတော် (ဒသမပိုင်း)  (ဓမ္မမှတ်စုများ-၁၅)


အပင်ပန်းခံပါဆိုတာ ဆန်အိတ်ထမ်းတဲ့ ပင်ပန်းတာကို ပြောတာမဟုတ်ဘူး။ ရင်ထဲက စွန့်လွှတ် သင့်တဲ့ဟာကို ရဲရဲရင့်ရင့် စွန့်လွှတ်ပါ။ စွန့်စားသင့်တဲ့အလုပ်ကို စွန့်စားပါ။ ငါ သီလရှင်ဝတ်မယ်၊ ရဟန်း ဝတ်မယ်။ ငါ့ကို ဘယ်သူကနေပြီး အာမခံမလဲ၊ ဘယ်သူက လုပ်ကျွေးမလဲ၊ ဘယ်သူက ပစ္စည်း လေးပါး ခံမလဲ၊ ကျန်းမာရေး မကောင်းရင် ဘယ်သူက ပြုစုမလဲ။ ငါ တကယ့်အားကိုးရာ တကယ့် တကယ် ကျတော့ ဟိုမရောက် ဒီမရောက်ဆို ခက်များခက်မလား။ အဲဒီလို စွန့်စားသင့်တဲ့ဟာကို မစွန့်စား ရဲဘူးဆိုရင် သူတော်ကောင်းအလုပ် လုပ်ဖြစ်ပါတော့မလား။ (မလုပ်ဖြစ်ပါဘူးဘုရား။)

သူတော်ကောင်းအလုပ်လုပ်လို့ ဘယ်သူ့မှ ကျွေးမယ့်လူ မွေးမယ့်လူမရှိလို့ ငတ်သေလည်း မမြတ် ဘူးလားဗျာ။ (မြတ်ပါတယ်ဘုရား။) အဲဒီလို ငတ်သေတဲ့ဘဝတွေ အမျိုးမျိုး၊ ကိလေသာ အလုပ် လုပ်ရင်းနဲ့ ငတ်သေတဲ့ဘဝတွေ ကဲ ရေတွက်နိုင်ပါ့မလား။ (မရေတွက်နိုင်ပါဘူးဘုရား။) ပြိတ္တာဖြစ်လို့ ငတ်သေ ရတာနဲ့၊ အသူရကာယ်ဖြစ်လို့ ငတ်သေရတာနဲ့ ဟာ အများကြီးပဲ ဖြစ်နေတာ။ သူတော်ကောင်း အလုပ် လုပ်ရင်းနဲ့ ငတ်သေတာ မရှိပါဘူးဗျ။ ဘုရားအလုပ်လုပ် ဘုရားကျွေးတာဘဲ။ ဟုတ်တယ် မဟုတ် လား။ (မှန်ပါဘုရား။)

အဲ… မစွန့်စားရဲဘူး လူတွေက။ အမျိုးသမီးလည်း မစွန့်စားရဲဘူး၊ အမျိုးသားလည်း မစွန့်စားရဲဘူး၊ ဘယ်သူကကျွေးမှာလဲ။ ဘယ်… ဘယ်သူက အာမခံမလဲ။ ကိုယ့်တရားက ကိုယ့်ကိုအာမခံမှာဘဲ။ ဟုတ်တယ်မဟုတ်လား။ (မှန်လှပါဘုရား။) အဲဒီလို စွန့်လွှတ်သင့်တဲ့အရာကို စွန့်လွှတ်ပါ။ ဥပမာ ဥပုသ်စောင့် တယ်ဆိုတာ စွန့်လွှတ်တာမဟုတ်လား။ ကဲ အဗြဟ္မာစရိယာအကျင့် မကျင့်ဘူးဟေ့.. စွန့်လွှတ်တယ်၊ ညစာ မစားဘူးဟေ့.. စွန့်လွှတ်တယ်။ စွန့်လွှတ်သင့်တဲ့အရာကို ရဲရဲရင့်ရင့် စွန့်လွှတ်ကြ။ အဲဒါဆိုရင် ကမ်းကို တွေ့လိမ့်မယ် သူတော်ကောင်းတို့ ဟုတ်လား။ (မှန်ပါဘုရား။) စွန့်လွှတ် သင့်တဲ့ဟာကို မစွန့်လွှတ်ဘူး၊ ဥပုသ်လည်း မစောင့်နိုင်ဘူး၊ ညစာလည်း အမြဲတမ်းစားနေတယ်၊ တရားထိုင်တာကျတော့ မထိုင်နိုင်ဘူး။

စွန့်စားရမယ့် အရာကို စွန့်စားကြ။ စွန့်စားရမယ်ဆိုတာ တရားတိုက်ဝင်တာတို့၊ သီလရှင်ဝတ်တာတို့၊ ရဟန်းဝတ်တာတို့၊ လူဝတ်နဲ့ဖြစ်ဖြစ် အားထုတ်တာတို့၊ အားထုတ်ရမယ်။ ကိုယ်ရထားတဲ့ လခစားတွေ၊ ဘာတွေ ညာတွေ အလုပ်တွေ ပြုတ်သွားပါစေ၊ ပြုတ်ပြုတ်၊ အလုပ်ပြုတ်တာ ဘာဖြစ်လဲ။ တရားရဖို့က အရေးကြီတယ်မဟုတ်လား။ (မှန်လှပါဘုရား။) တဇွတ်ထိုးကြီးကိုဖြစ်နေတယ် သူတော်ကောင်းတို့ ဟုတ်လား။ ပြုတ်သွားတော့ ဘယ်သူက ကျွေးမလဲတဲ့။ တရားက ကျွေးလိမ့်မယ်။ တရားသာ တကယ်အားထုတ်။ တရားက ကျွေးတာဘဲ။

မြတ်စွာဘုရားအလောင်းတော် ရှေးပါရမီတွေ ဖြည့်လာတာ အသက်နဲ့လဲပြီး ပါရမီတွေ ဖြည့်လာ တာမဟုတ်လား။ (မှန်လှပါဘုရား။) အဲဒီလိုဖြည့်လို့ ဘုရားဖြစ်လို့ အခုပြန်ဟောထားတာမဟုတ်လား။ (မှန်လှပါဘုရား။) ဘုရားက ရှေ ့က စံပြအနေနဲ့ ပြသွားတယ်။ စွန့်လွှတ်သင့်တဲ့ဟာကို စွန့်လွှတ်တယ်။ ဘုရား နန်းတော်ကြီးလည်း ဘုရားအလောင်း စွန့်လွှတ်ပြီးတော့ တောထွက်တာတွေ မရှိဘူးလား။ (ရှိပါတယ်ဘုရား။) စွန့်လွှတ်သင့်တဲ့ဟာကို ရဲရဲရင့်ရင့် စွန့်လွှတ်တယ်။ စွန့်စားတဲ့အလုပ် တောထဲကျရင် ဘုရား၊ ရဟန္တာတွေ တောထွက်သွားတုန်းက ခြင်ထောင်တွေ၊ စောင်တွေမပါဘူးနော်။ (မှန်လှပါဘုရား။) ဘယ်သူမှ လိုက်စောင့်ပေးတာ မဟုတ်ဘူး။ တို့သူငါ ထွက်တယ်ဆိုတာ အမလေး ခြင်ထောင်တွေ၊ စောင်တွေနဲ့။ အမလေး အများကြီးဘဲ၊ တပုံတခေါင်းကြီးနဲ့ သွားတာ။ ဘယ် တခြားစီဘဲ။ ဆီနဲ့ရေဘဲ။

ဟိုမှာ သွားတယ်ဆိုတာ သစ်ပင်အောက်မှာတဲ့ ငါးရာ့ငါးဆယ်တွေမှာ သဲကုန်းဆရာတော်ဘုရားကြီး ဟောသွားတာ မတွေ့ဘူးလား။ ဟိုမှာ ကဏှရသေ့တို့ ဘာတို့ဆိုတာ သစ်ပင်အောက်မှာ တစ်ခါထိုင်ရင် ခုနစ်ရက်တဲ့။ ခုနစ်ရက်ကြာမှ ပလ္လင်ဖြည်တယ်တဲ့။ အခု နည်းနည်းလေး ထိုင်တာတောင်မှ အတ္တကိလာမထာ ကိုယ့်ကိုယ်ကို ညဉ်းဆဲတယ်တဲ့။ ကဲ ငါးရာ့ငါးဆယ်တွေမှာ ဘုရားကျင့်သွားတာတွေ အများကြီးဘဲ။ အဲဒီ ကဏှရသေ့ကို ဟိုမှာ သိကြားမင်းကတောင်မှဘဲ သူ့သိကြားဘုံဗိမာန် လုမှာစိုးလို့ လာပြောသေးတယ်မဟုတ်လား။ (မှန်လှပါဘုရား။) ဒါကို မစိုးရိမ်ကျောင်းမှာ ဟောသွားတယ်လေ သူတော်ကောင်းတို့။ (မှန်ပါတယ်ဘုရား။)

အဲဒီလို စွန့်လွှတ်သင့်တဲ့ ဟာကို စွန့်လွှတ်တယ်၊ စွန့်စားရဲတဲ့ စွန့်စားသင့်တဲ့အရာကို စွန့်စားတယ်။ သူတော်ကောင်းတို့ ကမ်းရှာတာကို ပြောနေတာနော်။ (မှန်လှပါဘုရား။)

ကဲ ကမ်းရှာဖို့အတွက် ဟို ပိယင်္ဇဟမထေရ်ရဲ့ သြဝါဒလေးကို ကြည့်ရ အောင်။ ကမ်းရှာတဲ့ပုဂ္ဂိုလ်များ လိုက်နာဖို့ အတွက်နော်။ ကမ်းရှာနေတာ ဘာကို ရှာတာပါလိမ့်။ (နိဗ္ဗာန်ကို ရှာတာပါဘုရား။) အေး နိဗ္ဗာန်ရှာမယ့် ပုဂ္ဂိုလ်များ။

မြင့်တဲ့သူတွေကြားမှာ နိမ့်သူဖြစ်ပါတဲ့။ နံပါတ်(၁)က ဘယ်လိုပါလိမ့်။ မြင့်တဲ့သူတွေကြားမှာ နိမ့်သူ ဖြစ်ပါ။ မြင့်တဲ့သူတွေဆိုတာ မာန်မာနတွေ မြင့်တဲ့သူတွေ မများဘူးလား၊ (များပါ တယ ်ဘုရား။) အေး မာန်မာန တွေ ချထားပါ။

နိမ့်တဲ့သူတွေကြားမှာ မြင့်သူဖြစ်ပါတဲ့။ နိမ့်တဲ့သူတွေကြားဆိုတာ သီလ၊ သမာဓိ၊ ပညာ နိမ့်တဲ့သူတွေ မများဘူးလား။ (များပါတယ်ဘုရား။) အေး ကိုယ်က သီလ၊ သမာဓိ၊ ပညာမြင့်အောင် ကြိုးစားပါ။ ကမ်းရှာ တဲ့ ပုဂ္ဂိုလ်အတွက် ပြောနေတာနော်။ (မှန်ပါဘုရား။)

ပျော်တဲ့သူတွေကြားမှာ မပျော်ပါနဲ့။ အခု သားနဲ့မယားနဲ့ ပျော်တဲ့သူတွေ မများဘူးလား။ (များပါတယ် ဘုရား။) မပျော်နဲ့။ အဲဒါ ဒုက္ခရောက်မယ့် အပျော်လို့ခေါ်တယ်၊ မပျော်နဲ့။ သား တွေ မယားတွေ သံယော ဇဉ်တွေ ပျော်တဲ့အပျော်ကို မပျော်နဲ့။ သူ့ဟာသူ ဘယ်သူပျော်ပျော် မပျော်နဲ့။ အဲဒါ ကမ်းရှာတဲ့ပုဂ္ဂိုလ်တွေ မဟုတ်ဘူး၊ ချုံပုတ်ထဲမှာ အိပ်နေတဲ့ပုဂ္ဂိုလ်တွေ။ ဟုတ်တယ်မဟုတ်လား။ (ဟုတ်ပါတယ်ဘုရား။)

အဲ.. နောက်တခါ မနေတဲ့သူတွေကြားမှာ နေပါတဲ့။ မနေတဲ့သူတွေ ဝိပဿနာတရားနဲ့ မနေတဲ့ ပုဂ္ဂိုလ်တွေ မများဘူးလား။ (များပါတယ်ဘုရား။) အဲ ကိုယ်က ဝိပဿနာတရားနဲ့ နေပါတဲ့။ အဲဒါဆိုရင် ဘာမြင်နိုင်မလဲ။ (ကမ်းကိုမြင်နိုင်ပါတယ်ဘုရား။) ကမ်းကိုမြင်နိုင်မယ်တယ်တဲ့။ ကဲ…ယောဂီတို့ ညောင်းကိုက်နေပြီ။ တော်ကြစို့။

သာဓု၊ သာဓု၊ သာဓု။

ပြီးပါပြီ။
 

            
   (Share this page on Facebook
)


 
Typed By: Monica Pyone

Vimuttisukha Bliss Facebook မှကူးယူးဖော်ပြပါသည်။