စာပေမှာလည်းရှိပါတယ်။
စာတက်ချင်ရင် စာတက်တဲ့ ဆရာသမားကို ဆည်းကပ်ပါ။
မဂ်ဉာဏ်ဖိုလ်ဉာဏ်ရ ချင်ရင် မဂ်ဉာဏ်ဖိုလ်ဉာဏ် ရ’ ထားတဲ့ ဆရာသမားကိုဆည်းကပ်ပါ။

မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ

 

 
ပညာရှိ သူတော်ကောင်းကို ဆည်းကပ်(ဓမ္မမှတ်စုများ-၁၇)

လောကမှာ အသိရယ် အကျင့်ရယ် နှစ်မျိုးနှစ်စားရှိတယ်။
သိတာက ဝိဇ္ဇာ၊ကျင့်တာက စရဏ။
သိရုံသိပြီး မကျင့်ဘူးဆိုရင် ပညာရှိလို့မခေါ်ဘူး။
ဗဟုသုတများတဲ့ ပုဂ္ဂိုလ်လို့ပဲခေါ်နိုင်တယ်။

ပညာရှိဆိုတာက သိသင့်သိထိုက်တာကို
ကွဲကွဲပြားပြား ခြားခြားနားနားသိတယ်။
ရှင်းရှင်းလင်းလင်း မှန်မှန်ကန်ကန်သိတယ်။
သိတဲ့အတိုင်းလည်း ပယ်သင့်ပယ်ထိုက်တာကို ပယ်နိုင်အောင်၊
ပွားသင့်ပွားထိုက်တာကို ပွားနိုင်အောင်ကြိုးစားတယ်။
အသိနဲ့အကျင့် တစ်ထပ်တည်း ဖြစ်တဲ့သူကိုခေါ်တာ။
ပဏ္ဍိတလို့လည်း ခေါ်တယ်။

သူတော်ကောင်းက ရတနာမြတ်သုံးပါးကို ရိုသေလေးစားတယ်။
သီလကို ထိန်းသိမ်းစောင့်ရှောက်တယ်။
မကောင်းတာတွေကိုမလုပ်ဘူး။
မကောင်းတာတွေကို မပြောဘူး။
မကောင်းတာတေါကို မကြံစည်ဘူး။
အရှက်လည်းရှိတယ်။ အကြောက်လည်းရှိတယ်။
သူတစ်ပါး ကျေးဇူးကို သိတက်တယ်။
သိတဲ့အတိုင်းလည်း ကျေးဇူးပြန်ဆပ်လေ့ရှိတယ်။
ဒါက သူတော်ကောင်း။
တချို့က သူတော်ကောင်းလို့ခေါ်နိုင်ပါတယ်။
ပညာမရှိတဲ့အတွက် ပဏ္ဍိတတော့ မဟုတ်ဘူး။
ဒါမျိုးလည်းရှိတက်ပါတယ်။
ဒါကြောင့်မို့ပညာလည်းရှိရမယ်။ သူတော်ကောင်းလည်းဖြစ်ရမယ်။
အဲ့ဒီလို ပုဂ္ဂိုလ်မျိုးကို မှီဝဲဆည်းကပ်ရမှာ။ ဒါပေမဲ့ ပညာရှိ သူတော်ကောင်းကလည်း အဆင့်ရှိသေးတယ်။ တချိုု့က သီလလောက်ပဲ ကျင့်တော့ သီလကိုပဲ ရှေ ့တန်းတင်တင်ပြောတယ်။

“ မင်းတို့သမထတွေ ဝိပဿနာတွေ
ကြီးကြီးကျယ်ကျယ် လျှောက်ပြောမနေစမ်းပါနဲ့၊
ကိုယ်ချင်းစာတရားလေးထားပြီး ငါးပါးသီလ လုံအောင် အရင်စောင့်စမ်ပါဦး’’
“ ခေါင်းပေါင်းကြီးကတလူလူ အောက်ကပုဆိုးက မရှိဘူးဖြစ်နေတယ်။
အပေါ်ကို အသာထားစမ်းပါဦး။ပုဆိုးကို အရင်ဝတ်စမ်းပါ။
သီလ စောင့်တာလည်း မဂ်ဖိုလ် နိဗ္ဗာန်ကို ရနိုင်ပါတယ်’’

သာသနာတွင်းရောက်နေတာ သီလလုံရုံလောက်နဲ့
သာသနာတော်ကြီးနဲ့ကြုံရကျိုးနပ်ပါ့မလား။
(မနပ်ပါဘူးဘုရား)
တချို့ကျတော့လည်း “ မင်း ဝ, မရှိဘဲ ဝိလုပ်နေတာ ငတ်သေနေဦးမယ်။
ပြည့်ပြည့်စုံစုံဖြစ်အောင် သမထ အရင်လုပ်ဦးမှပေါ့ကွ။
သိဒ္ဓိတွေ၊ မဟိဒ္ဓိတွေရအောင် လုပ်ဦး။
မင်းဝိပဿနာက ချက်ချင်းကြီးရတာမှ မဟုတ်ဘဲ”။

“ မင်းတို့ဝိပဿနာလုပ်နေတာကြာလှပြီ။ဘာမှလည်းမဖြစ်ဘူး။
ငါလုပ်တဲ့အတိုင်း ပုတီး(၁၀၈)ပတ်စိပ်ကြည့်စမ်း
(၄၅) ရက်ဆို မင်းတို့သိသာလိမ့်မယ် ” ဒီလိုပြောတဲ့သူတွေလည်း မရှိဘူးလား?၊(ရှိပါတယ်ဘုရား)

ရှိတယ်။အဲ့ဒါမျိုးကို သဘောကျတဲ့သူတွေကလည်း အများကြီးပဲ။
အရင်ဦးဆုံး သမထလုပ်ပြီး သမာဓိရတော့မှ ဝိပဿနာပြန်ကူးရင်တော့ မှန်တယ်နော်။အဲ့ဒီလိုမှ မဟုတ်ဘဲ သမထနဲ့ပဲ လမ်းဆုံးနေတဲ့ ပုဂ္ဂိုလ်မျိုးဆည်းကပ်မိရင်ေတာ့ သေတာသေသွားရော
ဝိပဿနာကို ဘာမှ မလုပ်ဖြစ်တော့ဘူး။ အဲ့ဒါဆိုရင်တော့လွဲပြီး။
ကမ္ဘာပေါင်း အသင်္ချေ အနန ္တကို လွဲသွားနိုင်တယ်နော်။
ဆည်းကပ်ရမှာက ကိုယ်တိုင်လည်း အပါယ်တံခါးပိတ်တဲ့ ပုဂ္ဂိုလ်၊
ဒါမှမဟုတ် အပါယ်တံခါးပိတ်အောင် ကြိုးစားနေတဲ့ပုဂ္ဂိုလ်၊
အပါယ်တံခါးပိတ်တဲ့လမ်းကို ပိုင်ပိုင်နိုင်နိုင်သိတဲ့ ပုဂ္ဂိုလ်၊
သူများကိုလည်း အပါယ်တံခါးပိတ်အောင်လမ်းညွှန်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးကို မှီဝဲဆည်းကပ်ရမယ်။

ဆိုလိုတာက သီလ၊သမာဓိ၊ပညာ သိက္ခာသုံးပါးကို ကိုယ်တိုင်လည်းပြည့်စုံတယ်။
သူများကိုလည်း မဂ်ဉာဏ် ဖိုလ်ဉာဏ်ရအောင် ညွှန်ကြားပြသနိုင်တဲ့ ဆရာကောင်း ဆရားမြတ်တွေကို ဆည်းကပ်ပါ။ဆည်းကပ်တယ်ဆိုတဲ့ နေရာမှာ သက်ရှိထင်းရှားရှိနေတဲ့ ရဟန်းသံဃာကိုမှ ဆိုလိုတာမဟုတ်ဘူးနော်။

ရှေးဆရာတော်ကြီးတွေရေးသားထားခဲ့တဲ့ ဝိပဿနာတရားစာအုပ်တွေဖတ်တာ၊
အလုပ်ပေးတရားတိပ်ခွေတွေကို နာယူတာကလည်း ဆည်းကပ်တာနော်။
လူဝတ်ကြောင်ဆရာတွေနဲ့တရားရသွားတာတွေလည်းရှိပါတယ်။
{{{ ပုဂ္ဂိုလ်နဲ့ဓမ္မ ခွဲခြားတက်ဖို ့တော့လိုတယ်။}}}

သာဓကအနေနဲ့မြတ်စွာဘုရားလက်ထပ်တုန်းက သာမာဝတီမိဖုရားနဲ့မောင်းမ ငါးရားဟာ
ခုဇ္ဇုတ္တရာကျွန်မ ဟောတဲ့ တရားကို နာပြီး သောတာပန်ဖြစ်ကုန်ကြတယ်ဆိုတာ ကြားဖူးတယ်မဟုတ်လား။(ကြားဖူးပါတယ် ဘုရား)
ဘုရားဟောတဲ့တရားကို ခုဇ္ဇုတ္တရာ က ပြန်ဟောတာပဲ။
ဓမ္မအပေါ် ဉာဏ်မရောက်ဘဲ ပုဂ္ဂိုလ်အပေါ်သောင်တင်နေရင် တရားရပါ့မလား၊(မရပါဘူးဘုရား)

ပုဂ္ဂိုလ်နဲ့ဓမ္မ ခွဲခြားသိပါ။
နောက်ပြီး သတိပေးချင်တာက ခုခေတ် အခါမှာ ကြုံရတဲ့
ဆရာသမားဆိုတာကလည်း ရိုးရိုးသာဝကတွေပဲ။
ဘုရားမှမဟုတ်တာ။ ချို့ယွင်းချက်တွေ အားနည်းချက်တွေရှိနိုင်ပါတယ်။
ကိုယ်က ပါးနပ်ဖို့နဲ့ လိမ္မာဖို့ပဲလိုတယ်။

ကောင်းတာလေးတွေ နည်းနာယူ၊ ချို့ယွင်းချက်တွေ အားနည်းချက်တွေကို လျစ်လျူရှု့ပစ်လိုက်။
အပြစ်ပြောမနေနဲ့။
ကိုယ့်အလုပ်ကိုယ်လုပ်။
ကိုယ့်အလုပ်က တရားရဖို့မဟုတ်လား။
(ဟုတ်ပါတယ်ဘုရား)

ပညာရှိသူတော်ကောင်းဆိုတာကတော့
အပါယ်လေးပါးမကျအောင် မြန်မြန်ဆန်ဆန်
နိဗ္ဗာန်ရောက်အောင်ပဲ ဆုံးမညွှန်ကြားမှာ။
ဒကာ၊ဒကာမတွေ သစ္စာသိဖို့အဓိကထားဟောပြောမှာပဲ။
သစ္စာသိမှ အပါယ်တံခါးပိတ်မှာကိုး။
အဲ့ဒီတော့ အပြောအဆိုက ကြမ်းချင်လည်း ကြမ်းမယ်။
ရေလိုက် ငါးလိုက် အကြိုက်လိုက်ပြောနေလို့ သစ္စာသိမှာ မဟုတ်ဘူးဗျ။ နားဝင်ကောင်းတာ။
ကျွေးမွေးပေးကမ်းတယ်ဆိုတာကလည်း ခဏတစ်ဖြုတ်သာ စားရတာ။
သေတော့ အပါယ်တံခါးမပိတ်ဘူး။ တစ်ဘ၀ ကောင်းစားဖို ့ထက် အပါယ်တံခါးပိတ်အောင်
မြန်မြန်ဆန်ဆန် နိဗ္ဗာန်ရောက်အောင်
ဆုံးမညွှန်ကြားနိုင်တဲ့ ဆရာကို ဆည်းကပ်ပါ။

<<< စာပေမှာလည်းရှိပါတယ်။
စာတက်ချင်ရင် စာတက်တဲ့ ဆရာသမားကို ဆည်းကပ်ပါ။
မဂ်ဉာဏ်ဖိုလ်ဉာဏ်ရ ချင်ရင် မဂ်ဉာဏ်ဖိုလ်ဉာဏ် ရ’ ထားတဲ့ ဆရာသမားကိုဆည်းကပ်ပါ။>>>

ကိုယ်က စာတက်ချင်တာလား?၊
စာတက်ချင်ရင် စာတက်တဲ့ ဓမ္မစရိယဘွဲ့ရဆရာတော်တွေ၊
ပိဋကတ်သုံးပုံဆောင်ဆရာတော် ဘုရားကြီးတွေ ဆည်းကပ်။
ဒါမှ စာတက်မှာကိုး။
စာမတက်တဲ့ ပုဂ္ဂိုလ်တွေဆီသွားရင်ရနိုင်ပါ့မလား။(မရနိုင်ပါဘူးဘုရား)

မဂ်ဉာဏ် ဖိုလ်ဉာဏ်ရချင်ရင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရ ' ထားတဲ့ လယ်တီဆရာတော်ဘုရားတို့၊
စွန်းလွန်းဆရာတော်ဘုရားကြီးတို့၊
ဝေဘူဆရာတော်ဘုရားကြီးတို့၊ မိုးကုတ်ဆရာတော်ဘုရားကြီးတုိ့
မဟာစည်ဆရာတော်ဘုရားကြီးတို့အဲ့နည်းတွေကို ချဉ်းကပ်ပြီးလုပ်ကြ။
တကယ်ရ’ ထားတဲ့ ဆရာတော်ဘုရားကြီးတွေရဲ့နည်းကို
ဦးထိပ်ပန်ဆင်ပြီးတော့ လုပ်ကြ။

ယောဂီတို့ ....၊
ပရိယတ်နဲ့ပဋိပတ် က မတူဘူး။
ပိဋကတ်သုံးပုံဆောင်နေပါစေ၊ပဋိပတ်မှ လုပ်မထားလို့ရှိရင်
ပဋိပတ်ကို သေသေချာချာ ရှင်းမပြတက်ဘူး။ စာလို ပဲ လျှောက်ပြောနေမှာ။
ပရိယတ် နဲ့ပတ်သက်ရင်တော့ ကျကျနန၇ှင်းပြတက်တာပေါ့ဗျာ။
ဥပမာ….။ မိုးကုတ်ဆရာတော်ဘုရားကြီးနည်းဆိုပါတော့။
ပဋိပတ်သမုပ္ပဒ်နဲ့ပတ်သတ်လို့ဟောထားတာ။
စက်ဝိုင်းကြီးကို လေ့လာမထားရင်
နားလည်လွဲအောင် ရှင်ပြတက်ပါ့မလား (မရှင်းပြတက်ပါဘုရား)

သူ့နေရာနဲ့သူ ယောဂီတို့…။
တရားဟောတက်ပေမဲ့ စာမချတက်ဘူး။
စာချတက်ပေမဲ့လို့တရားရချင်မှရတာ။
တရားရပေမဲ့လို့ ပြေပြေပြစ်ပြစ် မဟောတက်တာတွေလည်းရှိတယ်။
တချို့ကျတော့ ဘာ မဂ်ဖိုလ်မှ မရသေးပေမဲ့ ကျကျနနဟောတက်တယ်။
သူဟာနဲ့သူ ကွဲပြားမှုတွေရှိတယ်။

(ကျေးဇူးတော်ရှင် မြစိမ်းတောင် ဆရာတော် အသျှင်ဇာနေယျ)

            
   (Share this page on Facebook
)

 
Thant Gyi Facebook မှကူးယူးဖော်ပြပါသည်။