နတ်လူသာဓုခေါ်စေသောဝ်                    ရေးသူ ရွှေပြည်သူ (၂၀၁၁ ယောဂီ)

မူရင်းလင့်ခ်။

ပြီးခဲ့တဲ့ တရုတ်နှစ်သစ်ကူးပိတ်ရက်ဟာ ကျွန်မအတွက် တန်ဖိုးရှိစွာ ငြိမ်းအေးချမ်းမြေ့ခဲ့တဲ့ ကာလပါပဲ။ ဇန်နဝါရီ ၂၉ ရက်နေ့ ကနေ ဖေဖော်ဝါရီ ၆ ရက်နေ့အထိ မလေးရှားနိုင်ငံ ဂျဟိုးပြည်နယ်က ကိုတာတင် ဂီမြို့မှာ ပြုလုပ်ခဲ့တဲ့ ကျေးဇူးတော်ရှင် မြစိမ်းတောင် ဆရာတော်ဘုရားကြီးရဲ့ (၉)ရက် ဝိပဿနာ တရား  စခန်း ကို ဝင်ဖြစ်ခဲ့လို့ပါ။  

မြစိမ်းတောင်ဆရာတော်ဘုရားကြီးကို ကျွန်မအင်မတန်ကြည်ညိုတာကြောင့် ရုံးမှာ အချိန်ပိုလုပ်ဖြစ်လို့ တစ်ယောက်ထဲ ဖြစ်နေတဲ့ အခါတွေမှာတောင် ဆရာတော်ကြီးရဲ့ တရားတွေကို ဖွင့်ထားရင်း အလုပ် လုပ်လေ့ ရှိတာပါ။ ဒီဝိပဿနာ တရားစခန်းကိုလည်း ဆရာတော်ကြီးကိုယ်တိုင် ကြွလာမယ်ဆိုတော့ သ တင်းစပြီး ရရခြင်းကတည်းက စိတ်အားထက်သန်စွာနဲ့ ခွင့်တင်တာ၊ Visa လျှောက်တာတွေ စလုပ်ခဲ့ပါ တယ် (ခွင့်စုစုပေါင်းက အနှုတ်လက္ခဏာ ပြနေပေမယ့် မငြိုမငြင် ခွင့်ပေးလိုက်တဲ့ Boss ကိုလည်း တ ကယ် ကျေးဇူးတင်ရပါတယ်။) 

ဒီလိုနဲ့ ၂၉ရက်နေ့ မနက်စောစောမှာ တက်ကြွဝမ်းသာစွာနဲ့ အိမ်ကထွက်ခဲ့ပါတယ်။ စီစဉ်သူ ကုသိုလ်ရှင် အစ်ကိုအစ်မတွေက အသွားအပြန်ခရီးကို ခါတိုင်းလိုပဲ အခမဲ့ စီစဉ်ပေးပါတယ်။ လမ်းခရီးတလျှောက် သူတို့ရဲ့ ဦးဆောင်မှု အတိုင်း အနောက်ကလိုက်ရင်း နောက်ဆုံး တောရိပ်တောင်ရိပ်ကြားမှာ အေးချမ်း ငြိမ်သက်စွာ တည်ရှိနေတဲ့ ကိုတာတင်ဂီမြို့က သန္တိသုခရာမရိပ်သာကို ချောချောမောမော ရောက်ခဲ့ပါ တယ်။ ရောက်တဲ့နေ့ နေ့လည်ကစလို့ ၉ရက်တာ (နောက်ဆုံး ပြန်တဲ့ရက်ကို ထည့်မတွက်ရင် ၈ရက်ပေါ့ လေ) တရားအားထုတ်ခွင့် ရခဲ့ပါတယ်။ 

ရိပ်သာကို မလာခင် သေချာတရားအားထုတ်မှု မရှိခဲ့တဲ့ ကျွန်မအတွက် အခက်အခဲပေါင်းများစွာ ရှိခဲ့ပါ တယ်။ တရားထိုင်တဲ့ အချိန်မှာ အခက်အခဲ အမျိုးမျိုးကြုံတိုင်း စိတ်ဓာတ်ကျလိုက် အားငယ်လိုက်နဲ့ အမှန် ကတော့ လောဘစိတ်တွေ ဖြစ်နေခဲ့တာပါ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နာရီပေါင်းများစွာထိုင်နိုင်တဲ့ တခြား သော ယောဂီတွေကိုလည်း လေးစားအားကျစိတ်နဲ့ ငေးမိတာလည်း အကြိမ်ကြိမ်ပါပဲ။ ဒါပေမယ့် တရား လျှောက်တိုင်း ကရုဏာကြီးစွာ အားပေးတတ်သလို၊ ယောဂီတွေ မေးလျှောက်သမျှကို စိတ်ရှည်  မှုကြီး စွာ ဟောပြောညွှန်ပြပေးတဲ့ ဆရာတော်ဘုရားကြီးရဲ့ မေတ္တာရိပ်အောက်မှာ စိတ်မလျော့ဘဲ နေ့တိုင်း အစွမ်း ရှိသလောက် ကြိုးစားအားထုတ်ခဲ့ပါတယ်။ အရင်က အသံအဖြစ်၊ Video အဖြစ်သာ နာယူခဲ့ရတဲ့ ဆရာတော်ဘုရားကြီးရဲ့ တရားတွေကိုလည်း တစ်နေ့ ၂ ကြိမ်လောက် နာခွင့်ရတာ ဝမ်းသာမဆုံး ဖြစ်ရ ပါတယ်။ ဆရာတော်ကြီးရဲ့ ဒီစခန်းမှာ ဟောသမျှတရားတွေ CD ခွေ ပြန်ထွက်မယ် လို့ သိရတာကြောင့် ထွက်လာခဲ့ရင်လည်း အားလုံးကို သတင်းပေးပါဦးမယ်။ အင်မတန် အဖိုးတန်တဲ့ တရားတွေဖြစ် တာ ကြောင့်  ဗုဒ္ဓဘာသာဝင် ညီအစ်ကို မောင်နှမတွေ အားလုံးကို တကယ် နာစေ ချင်မိ ပါတယ်။ 

နေရေးထိုင်ရေးကတော့ အမျိုးသမီးယောဂီဆောင်ထဲမှာ ယောဂီအယောက် ၇၀ ကျော် အတူ စုပေါင်းနေ ရပါတယ်။ တစိမ်း ပြင်ပြင်တွေ ဖြစ်ကြပေမယ့် အများနဲ့မျှဝေနေထိုင်ရတဲ့ အချိန်မှာ တစ်ယောက်နဲ့ တစ် ယောက် စကားများများ မပြောသော်လည်း အချင်းချင်း နားလည် ဖေးမဦးစားပေးမှုတွေနဲ့ မေတ္တာ ထား  နေထိုင်ခဲ့ကြတဲ့ ယောဂီအားလုံးရဲ့ စိတ်နှလုံးကို လေးစား ရပါ တယ်။ 

ဆရာတော်ဘုရားကြီး၊ လက်ထောက် တရားပြ ဆရာတော် ၂ ပါးနဲ့ ယောဂီတွေရဲ့ ဆွမ်းအတွက် ပြည့် ပြည့်စုံစုံ ဖြစ်အောင် တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ ဝေယျာဝစ္စအဖွဲ့က အစ်ကိုအစ်မ တွေရဲ့ စေတနာနဲ့ လုပ်အားအတွက်လည်း သာဓုအကြိမ်ကြိမ် ခေါ်မိသလို ရင်ထဲကလည်း လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင်စွာ မေတ္တာပို့ရပါတယ်။ 

တရားစခန်းသိမ်းလို့ အိမ်ပြန်တဲ့အခါမှာတော့ မဂ်ဖိုလ်နိဗ္ဗာန်ရည်သန်တဲ့လမ်းကို လျှောက်ဖို့အတွက် ကျွန် မ ဟာ လမ်းလျှောက်ဖို့ မပြောနဲ့ မတ်တပ်ရပ်ဖို့ကိုတောင် မနည်းသင်ယူနေရဆဲ ဖြစ်တယ်ဆိုတာ ကိုယ့် ကိုယ်ကို သဘောပေါက်ခဲ့ပါတယ်။ တဆက်ထဲ အများကြီး ကြိုးစားရမယ်လို့ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် သတိပေးမိပါတယ်။ ဒီအသိနဲ့ ဆရာတော်ဘုရားကြီးရဲ့ တရား ရေအေးတွေ တဝကြီး နာခွင့်ရတာကပဲ ကျွန်မအတွက် အဖိုးတန်လှပါပြီ။ 

ဖြတ်သန်းခဲ့တဲ့ ၈/၉ ရက်ကြာ ငြိမ်းချမ်းအေးမြတဲ့ ဒီကာလလေးမှာ ကျွန်မ ပြုခဲ့တဲ့ ဒါနကုသိုလ်၊ ဆောက် တည်ခဲ့တဲ့ သီလ ကုသိုလ် နဲ့ ကြိုးစားအားထုတ်ခဲ့တဲ့ ဘာဝနာကုသိုလ်တွေကို စာလာဖတ်ပေးကြတဲ့ ညီ အစ်ကို မောင်နှမတွေထဲက သာဓု ခေါ်လိုသူ မောင်နှမတွေအားလုံးကို အမျှ ပေးဝေပါတယ်။ ကျွန်မနဲ့ ထပ်တူထပ်မျှ ကောင်းကျိုးရရှိကြပါစေရှင်… 

မြစိမ်းတောင် ဆရာတော်ဘုရားကြီးရဲ့ Website က www.MyaSeinTaung.net ဖြစ်ပါတယ်။ ကျေးဇူး တော်ရှင် ဆရာတော် ဘုရားကြီးရဲ့ ကျောင်းအတွက် ဆွမ်းကွမ်းအလှူ၊ ယောဂီဆောင် အလှူများလည်း သဒ္ဓါတရားဖြစ်ပေါ်ကြရင် လှူဒါန်းကြဖို့ နှိုးဆော်ပါရစေရှင်... 

မှတ်ချက်။ ။ တရားစခန်းဖြစ်မြောက်ရေးအတွက် စီစဉ်ဦးဆောင်ခဲ့ကြတဲ့ ကိုဇော်မိုးစံ၊ မသန်းသန်းဌေး၊ မကျော့ကျော့ခိုင်၊ မခင်သီတာစိုး စတဲ့ အစ်ကိုအစ်မတွေနဲ့ အတူ တရားစခန်းဝင်စဉ် တလျှောက်လုံး ကျွန်မကို ကူညီစောင့်ရှောက်ခဲ့ကြတဲ့ ချစ်သူငယ်ချင်း Purple၊ Ma Ma H၊ YY နဲ့ တရားစခန်းမှာ တွေ့ ကြုံရေစက်ဆုံခွင့်ရခဲ့တဲ့ ယောဂီညီအစ်မတွေ အားလုံးကို လေးလေးနက်နက် ကျေးဇူးတင်ကြောင်း ဒီပို့စ် လေးကနေ ထပ်ပြီး ပြောပါရစေရှင်။