ကိုတာတင်ဂီမှအပြန်                               ရေးသူ ဇွန်မိုးစက်(၂၀၁၀ ယောဂီ)

မူရင်းလင့်ခ်

လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက  တရုတ်နှစ်ကူးပိတ်ရက် မလေးရှားနိုင်ငံမှာ စီစဉ်ပြုလုပ်ပေးတဲ့ တရားစခန်း ဝင်ဖို့ ဆန္ဒရှိခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် မလိုက်ဖြစ်ခဲ့ဘဲ ဒီနှစ်ကျမှ လိုက်ဖြစ်ပါတယ်။ မနှစ်က ကိုးရက်စခန်း နှစ်ခါဝင်ဖြစ်ထားလို့ ခွင့်တွေလည်း ကုန်သွားပါပြီ။ ဒီနှစ်ထဲမှာ ရက်ရှည်စခန်း ထပ်ဝင်ဖြစ် လိမ့်မယ်လို့ နှစ်စတုန်းက ထင်မထားခဲ့ပေမယ့် ခွင့်သုံးရက် ယူရုံနဲ့ ကိုးရက်စခန်းဝင်နိုင်တာရယ၊် အလုပ် ပိတ် ရက်ကို အကျိုးရှိရှိကုန်လွန်ချင်တာရယ်၊ စိတ်နှလုံးအေးချမ်းမှုကို မက်မောတာရယ်၊  မလေးဗီဇာ အဆင်သင့်ရှိနေတာရယ်၊ အများသူငါလို မြန်မာပြည် မပြန်ဖြစ်တဲ့ကိုယ် အနည်းဆုံး တစ်နှစ်မှာ တစ်ခါ လောက်တော့ စကာၤပူကျွန်းလေးပေါ်က ခဏဖြစ်ဖြစ် ခွာချင်တာရယ် ပေါင်းပြီး အနောက် မလေးရှား နိုင်ငံ၊ ဂျိုဟောပြည်နယ်က ကိုတာတင်ဂီလို့ အမည်ရတဲ့ မြို့လေးမှာ ဖေဖော်ဝါရီလ ၁၃ရက်ကနေ ၂၁ရက်နေ့ထိ ကိုးရက် တရားစခန်းဝင်ဖို့ိ စိတ်အားသန်သန်နဲ့ စာရင်းပေးဖြစ်ခဲ့ပါတယ်။ တကယ်တမ်း စခန်းဝင်ဖြစ်ပြီးမှ ကိုယ့်ဆုံးဖြတ်ချက် သိပ်မှန်သွားကြောင်း သိလိုက်ရပါတယ်။ 

တိုက်တိုက်ဆိုင်ဆိုင် လွန်ခဲ့တဲ့နှစ်နှစ်ကပဲ မြစိမ်းတောင်ဆရာတော်ဘုရားရဲ့ တရားတော်တွေ ပထမဆုံး စတင်နာခဲ့ရတာပါ။ အဲဒီတုန်းက တရားတော်နာခွင့်ရလိုက်ပေမယ့် ဘယ်ဆရာတော်ဆိုတာ မသိခဲ့ပါဘူး။ တရားကောင်းလိုက်တာလို့ပဲ သိလိုက် ပါတယ်။ အခုတစ်ခေါက်တရားစခန်းဝင်ဖြစ်လို့ ဆရာတော်ဘုရား ရဲ့တရားတွေ ကိုယ်တိုင်ကိုယ်ကျ နာယူခွင့် ရလိုက်တော့မှ ပြန်မှတ်မိသွားပါတယ်။ အရင်ကနားနဲ့ ကြား နာ ရုံသက်သက်ပဲနာခဲ့၊ ရေးမှတ်လေ့မရှိခဲ့တဲ့ကိုယ်ဟာ ဒီကိုးရက် အတွင်းမှာ ဆရာတော်ဟောကြား တော် မူခဲ့တဲ့ တရားအနှစ်ဗဟုသုတတွေ ရသလောက် လိုက်ရေးမှတ်တဲ့အကျင့် ရသွားပါတယ်။ နား လည်း ထောင်၊ မှတ်လည်းမှတ်၊ ရေးလည်းရေးဆိုတော့ ပိုမှတ်မိပြီး ရင်ထဲစွဲသွားပါတယ်။ 

တရားမှတ်တရားထိုင်ခဲ့တဲ့ အတွေ့အကြုံများကိုတော့ ရေစက်ရှိလို့ ဆုံတွေ့ခွင့်ရခဲ့တဲ့ ဓမ္မမိတ်ဆွေ တစ် ဖြစ်လဲ  ဘလော့ရေးဖော်ရေးဖက် အစ်မ ချစ်ကြည်အေး ရဲ့ 'မဂ္ဂင်ဖောင်စီးကိုးရက်ခရီး' မှာ သွားရောက် ဖတ်ရှုကြည့်နိုင်ပါတယ်။ စာတွေဖတ်ပြီး ကိုယ်ထင်ထားတဲ့ပုံစံနဲ့ ကွဲလွဲနေခဲ့တဲ့ အစ်မချစ်ရဲ့ အားထုတ်မှု ဟာ ကိုယ်တို့လိုယောဂီငယ်တွေအတွက် တကယ့်ကို လေးစားအားကျ အတုယူရလောက် အောင် စံပြ ဖြစ်ခဲ့တာ အမှန်ပါပဲ။ အစ်မက နာမည်နဲ့လိုက်အောင်လည်း အေးချမ်းကြည်လင်ပြီး ချစ်ခင်စရာကောင်း သူတစ်ယောက်ပါ။ း) 

ဘုန်းကံကြီးမားလှတဲ့ မြတ်စွာဘုရားရဲ့သာသနာတော်ကို ကြည်ညိုခွင့်၊ မှီခိုခွင့်ရထားတာကို တွေးမိတိုင်း ကြည်နူး ပီတိဖြစ်ရပါတယ်။ ဗျာဒိတ်တော်ရပြီးနောက် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ပြီးမှ ရလာခဲ့တဲ့ သစ္စာလေးပါး တရားတော်မြတ်ကို  ကိုယ်တိုင် ထိုးထွင်းသိမြင်ဖို့၊ အသိတရားကနေ လက် တွေ့ ကျင့်ကြံ အားထုတ်ဖို့  ဆရာတော် အရှင် ဇာနေယျက စေတနာ ထက်ထက်သန်သန်နဲ့ နေ့စဉ် ဟော ပြော လမ်းညွှန်ပေးခဲ့ပါတယ်။ လက်ထောက်တရားပြ ဆရာတော်နှစ်ပါးကလည်း  ယောဂီများ အား လုံး အပေါ် မေတ္တာစေတနာရှေ့ထားပြီး တရားပို့ပေးကြပါတယ်။ ဆရာတော်ဘုရားနဲ့ တရားပြဆရာ တော် နှစ်ပါး ရဲ့ ကြီးမားလှတဲ့ ကျေးဇူးကို ဒီနေရာကနေပဲ ကန်တော့လိုက်ပါတယ်။  

အနှိုင်းအဆ မရှိအောင်ကြီးမားလှတဲ့ ဗုဒ္ဓမြတ်စွာရဲ့ ကျေးဇူးတော်ကို ရခဲလှတဲ့ လူ့ဘဝရခိုက်လေးမှာ ဒါန၊ သီလနဲ့ တင်မကဘဲ ဘာဝနာတရားနဲ့ပါ အတတ်နိုင်ဆုံး အားထုတ်ကြိုးပမ်းပြီး ဆပ်သင့်ပါလားဆိုတဲ့ အသိက ကိုတာတင်ဂီမှ အပြန်လမ်း တစ်လျှောက် ကိုယ့်ရင်ထဲမှာ စူးစူးနစ်နစ်ဝင်ရောက်ခဲ့ပါတယ်။ 

ချစ်ခင်လေးစားလျက်

ဇွန်မိုးစက် 

(တရားစခန်းဖြစ်မြောက်အောင် အစီအစဉ်တကျ စီမံဆောင်ရွက်ပေးကြတဲ့ SMC မှ ကိုဇော်မိုးစံ၊ မသန်း သန်းဌေးနဲ့တကွ အဖွ့ဲသူ၊ အဖွဲ့သားများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။)