ဝိပဿနာ မလုပ်သေးတာဖြင့်
သေရတာ အားမရသေးလို့လား မေးဖို့ပဲရှိတော့တယ်။

ခင်များတို့ အင်မတန် ကိုယ်ကျိုးနည်းမှာစိုးလို့
ဒီအလုပ်ကို ခိုင်းနေတာမှတ်ပါ။

ခင်ဗျားတို့က မသိလို့အေးအေးနေတာ....
တော်ကြာခင်များ တို့ တွေ့ရမဲ့ဒုက္ခက မသေးဘူးနော်။

"ဆုတောင်းပြည့် ဘုရား မကယ်နိုင်ဘူး"

ဖြေးဖြေးမှဆိုတဲ့ ဆင်ခြေပေးနေလို့ကတော့ ငရဲမျိုးစေ့ကြီးပွားပါရစေဆိုတာနဲ့ အတူတူပဲ။


(ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး)

 

 

ဝိမုတ္တိပရိပါစနီယတရား ၁၅ ပါး...

မရင့်ကျက်သေးသော၊ မိမိသန္တာန်မှာ မဖြစ်ပေါ်လာသေးသော အရဟတ္တဖိုလ် တည်းဟူသော ဝိမုတ္တိ ရင့်ကျက်ဖို့ရန် ဖြစ်ပေါ်ဖို့ရန် ဝိမုတ္တိပရိပါစနီယခေါ်တဲ့ တရား တစ်ဆယ့်ငါးပါး ရှိတယ်။ တစ်ဆယ့်ငါးပါးက ဘာလဲ။

သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ၊ ဒီဣနြေ္ဒ ငါးပါးကို မူတည်ထားရမယ်။

(၁) သဒ္ဓါတရားမရှိတဲ့ ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း။
(၂) သဒ္ဓါတရားရှိတဲ့ ပုဂ္ဂိုလ်တို့ကို မှီဝဲခြင်း
(၃) သဒ္ဓါတရား ဖြစ်ပွားစေတတ်တဲ့ သုတ္တန်တို့ကို နာယူခြင်း၊ လေ့လာဆွေးနွေးခြင်း၊ သဒ္ဓါနဲ့ ပတ်သက်၍ သုံးမျိုး။

ဝီရိယနဲ့ ပတ်သက်လို့ ထို့အတူ သုံးမျိုး။
(၁) ပျင်းရိတဲ့ ဝီရိယမရှိတဲ့လူကို ရှောင်ကြဉ်ခြင်း။
(၂) ဝီရိယရှိတဲ့ ပုဂ္ဂိုလ်တို့ကို မှီဝဲခြင်း။
(၃) ဝီရိယနဲ့စပ်တဲ့ တရားတို့ကို လေ့လာပွားများ နာကြားခြင်း သုံးပါး။

သတိနဲ့ စပ်၍လည်း ထို့အတူ သုံးပါး။
(၁) မုဋ္ဌဿတိ-သတိလွတ်ပြီးတော့ ပေါ့တန်တဲ့ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း။
(၂) ထင်လင်းတဲ့ သတိရှိတဲ့ ပုဂ္ဂိုလ်တို့ကို မှီဝဲခြင်း။
(၃) သတိပဋ္ဌာန် သုတ္တန်များကို နာကြား၊ သတိပဋ္ဌာန်တရားများကိုလေ့လာခြင်း အဲ-သတိပိုင်းက သုံးမျိုး။

သမာဓိနှင့်ပတ်သက်၍-
(၁) ဥဒ္ဓစ္စသမားများကို ရှောင်ရှားခြင်း။
(၂) သမာဓိရှိတဲ့ ပုဂ္ဂိုလ်တို့ကို မှီဝဲခြင်း။
(၃) သမာဓိနှင့်စပ်၍ ဟောပြတဲ့ ဒါနကထာ စသည် နာကြားခြင်း၊ လေ့လာမှတ်သား လိုက်စားခြင်း။

ပညာမှာလည်း ထို့အတူပဲ သုံးပါး။
(၁) ပညာမရှိတဲ့ ပုဂ္ဂိုလ်တို့ကို ရှောင်ရှားခြင်း။
(၂) ပညာရှိတဲ့ ပုဂ္ဂိုလ်တို့ကို မှီဝဲခြင်း။
(၃) ပညာနှင့်စပ်သော သုတ္တန်များကို နာကြား မှတ်သား လေ့လာခြင်း။

ငါးသုံးလီ (၅x၃=၁၅) တစ်ဆယ့်ငါးပါး ဝိမုတ္တိပရိပါစနီယ တရား

(တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသံဂီတိ ဝိဿဇ္ဇက
အဂ္ဂမဟာပဏ္ဍိတ၊အဘိဓဇမဟာရဋ္ဌဂုရု
မင်းကွန်းတောင်ရိုး ဓမ္မနာဒဆရာတော်
ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ ဟောကြားသော
မေဃိယသုတ္တန် တရားတော် မှ )


         
  
   (Share this page on Facebook
)


 
 Aung Pyi Sone Aye Facebook မှ ကူးယူးဖော်ပြပါသည်။