သတိမြဲလာတဲ့ ယောဂီဟာ သူ့စိတ်လည်း ချမ်းသာပါတယ်။ လောကမှာလည်း ဘေးအနှောင် အဖွဲ့ကင်းကင်းနဲ့ စိတ်လက်ပေါ့ပါးစွာ နေနိုင်ပါသည်။ ဘာကြောင့်လဲဆိုတော့ မိမိရဲ့ အဇ္စုတ္တသဏ္ဍာန်ပေါ် လောဘ၊ ဒေါသ၊ မောဟ ကိလေသာတရားတွေအပေါ် မ၀င်နိုင် အောင် သတိ ဟူသော အစောင့်အရှောက်တရားမြဲလာလို့ပါပဲ။

 

 

ဘိက္ခု....သတိ


"ပဋိပန္နကော ဟိ ဒေဝေါ ၀ါ ဟောတု မနုေဿာဝါ ဘိက္ခူတိ သင်္ချ ဂစ္ဆတိ။" (သုတ္တန် ရဟန်း)

နတ်ပဲဖြစ်စေ၊ လူပဲဖြစ်စေ သံသရာ ဘေးကို မြော်မြင်ပြီးတော့ သံသရာက လွတ်မြောက်ရအောင်လို့ တရားကျင့်သုံးနေရင် အဲဒီ ပုဂ္ဂိုလ်ဟာ "ဘိက္ခု" မည်ပါတယ်တဲ့၊ တနည်းအားဖြင့်တော့ "ကိလေသေ ဘိန္ဒတီဘိ ဘိက္ခု" ကိလေသာတွေကို ဖျက်ဆီးတတ်ရင် ဘိက္ခု မည်ပါတယ်တဲ့။

“ဣဓဘိက္ခဝေ ဘိက္ခု သတာရက္ခေန စေတသာ သမန္နာဂတော ဟောတိ။”
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သံသရာဘေးကို ရှုမြင်သောပုဂ္ဂိုလ်သည် ကိလေသာကို ဖျက်ဆီးတတ်သော ပုဂ္ဂိုလ်သည် သတိအစောင့်အရှောက်ရှိသော စိတ်နှင့် ပြည့်စုံသည်ဖြစ်၏။

သတိဆိုတဲ့ အစောင့်အရှောက်တရားဟာ သံသရာဘေးကို ရှုမြင်၍ ကိလေသာကို ဖျက်ဆီးတတ်သော ပုဂ္ဂိုလ်တို့မှာ ပြည့်စုံသည်ဖြစ်လေရာ ရဟန္တာမှ သောတာပန် အရိယာနွယ်ဝင်တို့တွင် ဆိုင်ရာဆိုင်ရာ သတိ စောင့်ရှောက်မှု ဒီဂရီ ပမာဏ ရှိကြ လေ၏။

အိမ်တစ်အိမ်မှာ အိမ်စောင့်ကောင်းတစ်ယောက်ရှိနေလျှင် အိမ်အတွင်းသို့ သူခိုး၊ ဓားပြ၊ ရန်သူများ၊ အနှောင့်အယှက်များ လွယ်လင့်တကူ မ၀င်ရောက်နိုင်သကဲ့သို့ သတိဆိုတဲ့ အစောင့်အရှောက် တရား ဟာ အင်မတန် ကောင်းလွန်းနေလျှင် အပါယ်ကျစေနိုင်သော အကုသိုလ်တရားများ၊ ကိလေသာ စိတ်အညစ်အကြေးများ မပေါ်နိုင်တော့ပေ။

စိတ်တိုင်း စိတ်တိုင်းမှာ အမှတ်ရမှု သတိအစောင့်အရှောက် အမြဲတမ်းပါပြီး ပြည့်စုံတာက ဘယ်လို ပုဂ္ဂိုလ်မှာ လည်းဆိုလို့ရှိရင် ရဟန္တာပုဂ္ဂိုလ်များမှ ကောင်းကောင်းပြည့်စုံပါတယ်။ ဒီသတိဟာ ရဟန္တာဖြစ်ခါမှ ကောင်းကင်က ကျလာသလို ဖြုန်းခနဲ ကောင်းလာတာ မဟုတ်ဘူး၊ ရှေးကတည်းက လေ့လာအားထုတ်လာလို့ အစဉ်အတိုင်း ကောင်းလာတာ၊ ဘယ်လိုလဲဆိုတော့ ရဟန္တာမဖြစ်မီ အနာဂါမ် အဖြစ်ကတည်းက အားထုတ်လာခဲ့ရတယ်၊ အနာဂါမ်မှာလည်း ဒီသတိဟာ အပုံကောင်းနေပါတယ်၊ အဲဒါ
ကလည်း သကဒါဂါမ်ဘ၀က အားထုတ်လာခဲ့လို့ ကောင်းနေတာ၊သကဒါဂါမ်မှာလည်း ဒီသတိက အတော်ကောင်းနေပါပြီ၊ အဲဒါလည်း သောတာပန်ဘ၀က အားထုတ်လာခဲ့လို့ ကောင်းနေတာပါပဲ၊ သောတာပန်မှာလည်း ဒီသတိဟာ ပုထုဇဉ်နဲ့ စာကြည့်ရင် အများကြီး ကောင်းနေပါပြီ၊ ဒါကြောင့် သောတာပန်မှာ အပါယ်လားကြောင်း မကောင်းမှု အကုသိုလ်တွေမဖြစ်ဘဲ ကင်းနေတာပဲ။

ဒါကြောင့် သံသရာဘေးကိုတွေ့၍ ကိလေသာတွေကို ဖျက်ဆီးချင်လျှင် ပုထုဇဉ်အနွယ်မှစ၍ သတိဆိုတဲ့ အစောင့်အရှောက်တရားကို ထားပေးနိုင်မှ မိမိရဲ့သဏ္ဍာန်မှာ ကိလေသာတွေ မ၀င်နိုင်အောင် တဖြည်းဖြည်းပါးလျ ပါးလျသွားနိုင်ပါတယ်။

သတိဆိုတဲ့ တရားဟာလည်း ဘယ်အပေါ်မှာထားရမလဲဆိုတော့ ဒွါရခြောက်ပါးက ပေါ်တိုင်းပေါ်တိုင်း ရုပ်နာမ်တွေကို အမှတ်ရပေး ထားပေးရပါမယ်။ ပေါ်လာသမျှ ကိုယ်အမူအရာ စိတ်အမူအရာတွေပေါ်မှာ အမှတ်ရနေရုံကလေးပဲ။ ထိုင်ရင် ထိုင်တယ်၊ ထိုင်တယ်။ တွေးရင် တွေးတယ်၊ တွေးတယ်။ သိရင် သိတယ်၊ သိတယ်။ လှမ်းရင် လှမ်းတယ်၊ လှမ်းတယ်လို့ သိပေးနေရုံ လေးပါ။ အားထုတ်ဖို့ လည်းလွယ်ကူပါတယ်။ ဒီလို လိုက်သိပေးနေရုံဖြင့် ရုပ်နာမ်အပေါ် သိသင့်သိထိုက်တာ အကုန်မှန်သမျှ အပေါ် သမာဓိဝင်၍ ဥာဏ်ဖြင့် ထောင့်စေ့နေအောင် သိကုန်တော့တာပါပဲ။ အဲဒီလို အမှန်မြင်လာရင် ပယ်သင့်တဲ့ ကိလေသာတွေလည်း တဖြည်းဖြည်းပါးလျ ပါးလျပြီး ပယ်သတ်သွားနိုင်ပါတယ်။

တရားစတင်အားမထုတ်မီအချိန်တုန်းက ရှိနေတဲ့ ကိလေသာ လောဘ၊ ဒေါသ တွေနဲ့ ပုံမှန်တရားအားထုတ်မိနေတဲ့ ယောဂီတွေရဲ့  ကိလေသာတွေတောင် မတူနိုင်တော့ပါဘူး။ တရားအား ထုတ်နေတဲ့ ယောဂီ၊ အားထုတ်ဖူးတဲ့ ယောဂီတွေဟာ ဒါကို အမြဲသတိထားသိနေပါတယ်။ အမြဲတမ်း လည်းသိနေပါတယ်။ ဒါဟာ သတိတရားလေးတွေ ပိုပိုကောင်းလာလို့ပါပဲ။

စစအားထုတ်ခြင်း ချက်ချင်းကြီးတော့ လောဘ၊ ဒေါသတွေအပေါ် သတိဖြင့် မထိန်းနိုင်ပေမဲ့ တဖြည်း ဖြည်းနဲ့ ဘာဝနာမြဲသည့်အပေါ်လိုက်ပြီး လောဘ၊ ဒေါသဖြစ်ပြီးသွားရင် သတိလေး ၀င်လာ တယ်။ ထိုမှတဆင့် ဖြစ်ဆဲအပေါ်မှာ သတိကလေးဝင်လာလို့ ထိန်းလိုက်နိုင်တယ်။ ထိုမှတဆင့် မဖြစ်ခင် သတိတရားလေးဝင်လာပြီး မလုပ်ဖြစ်တော့သည့်အဆင့်အထိ တဖြည်းဖြည်းသတိရဲ့ စောင့်ထိန်းမှု ဒီဂရီလေးတွေ တက်လာပါသည်။

ဒီလိုနဲ့ပဲ သတိတရားလေးတွေ ကောင်းလာတတ်သလို ယောဂီ တွေဟာ သတိတရားကို ဂရုတစိုက် ထိန်းနေရာမှ သူ့အလိုလို ထိန်းပြီးသားဖြစ်နေတဲ့အဆင့်ထိ ရောက်လာပါတယ်။ ဒီလိုသတိတရားလေး ၀င်ဝင်နေတာနဲ့တင် ယောဂီဟာ အလွန်ပေါ့ပါးပြီး အင်မတန်နေလို့ ထိုင်လို့ ကောင်းနေပါသည်။ ကြီးမားတဲ့ ကိလေသာတွေ မလုပ်ဖြစ်တဲ့ အတွက်ကြောင့်ပါ။ သတိမြဲလာတဲ့ ယောဂီဟာ သူ့စိတ်လည်း ချမ်းသာပါတယ်။ လောကမှာလည်း ဘေးအနှောင်အဖွဲ့ကင်းကင်းနဲ့ စိတ်လက်ပေါ့ပါးစွာ နေနိုင်ပါသည်။ ဘာကြောင့်လဲဆိုတော့ မိမိရဲ့ အဇ္စုတ္တသဏ္ဍာန်ပေါ် လောဘ၊ ဒေါသ၊ မောဟ ကိလေသာတရားတွေ
အပေါ်မ၀င်နိုင်အောင် သတိဟူသော အစောင့်အရှောက်တရားမြဲလာလို့ပါပဲ။ ဒီလိုနေခြင်းဟာ အရိယာ တွေနေခြင်းနဲ့ အတူတူ ဖြစ်တဲ့အတွက် မြတ်သောနေခြင်း ဖြစ်ပါသည်။ “အရိယာဝါသ” အရိယာတို့၏ စံအိမ် မှာနေတယ်လို့လည်း မည်ပါတယ်။


စအားထုတ်တဲ့ ယောဂီတွေအနေနဲ့ သတိမြဲရန်မှာ ခက်ခဲပေမဲ့ အလေ့အကျင့်ရလာရင် စိတ်ပေါ့ပေါ့ပါးပါးနဲ့ သတိတရား မြဲလာပါတယ်။ အရိယာဝါသဆိုတဲ့ အရိယာတွေနေတဲ့ စံအိမ်မှာ နေချင်လျှင် စအားထုတ်တဲ့ ယောဂီဟာ သတိဆိုတဲ့ အစောင့် အရှောက်တရားကို ယုံကြည်မှု သဒ္ဓါတရား၊ လိုလားမှု ဆန္ဒ၊ အားထုတ်မှု ၀ီရိယဆိုတဲ့ အိမ်လခလေးပေးပြီး နေနိုင်ပါတယ်။

တရားချစ်ခင်သူတော်ကောင်းအပေါင်း သတိဆိုတဲ့ အစောင့်အရှောက်တရားဖြင့် စိတ်နှလုံးငြိမ်းချမ်းရာ “ အရိယာ ၀ါသ” တည်းဟူသော စံအိမ်တွင် နေနိုင်ကြပါစေသတည်း။
 

(မှီငြမ်း- မဟာစည်ဆရာတော်ဘုရား၏အရိယာဝါသတရားတော်မှ.)

အမှားပါလျှင်စာရေးသူ၏ဥာဏ်နည်းမူသာဖြစ်ပါတယ်
ကျော်ကျော်စံ _

 

            
   (Share this page on Facebook
)

 

Kyawkyaw San Facebook မှကူးယူဖော်ပြပါသည်။