ကိုယ်ပြုထားတဲ့ ကံက ဖန်တီးတာဘဲ။ အကုသိုလ်ကံက ဆိုးတာကို ဖန် တီး တယ်၊ ကုသိုလ်ကံက ကောင်းတာကို ဖန်တီးတယ်။ ကံ ကံရဲ့အကျိုးဟာ လက်တွေ့ဟာ အမှန်။ အဲဒါကို သူတို့က မသိတော့ ဟိုလူက ဖန်ဆင်းသလိုလို ဒီလူက ဖန်ဆင်း သလိုလို အဲဒီလိုတွေ ဖြစ်နေကြတယ်။

မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ

 

 

ရေဥပမာတရားတော် (ဒုတိယပိုင်း) (ဓမ္မမှတ်စုများ-၇) 


ဒုတိယ အပြစ်ကြီးဆုံးက ပဉ္စာနန္တရိယကံ၊ အဖေသတ်တာ၊ အမေသတ်တာ၊ ရဟန္တာသတ်တာ၊ နောက် တခါ ဘုရားကို သွေးစိမ်းတည်အောင်လုပ်တာ၊ သံဃာသင်းခွဲတာ ပဉ္စာနန္တရိယကံ။ အဲပဉ္စာနန္တရိယကံ လည်းပဲ သေလို့ရှိရင် အဝီစိပဲ။  နိယတမိစ္ဆာဒိဋ္ဌိ (၃)ပါးသမားကလည်း အဝီစိပဲ။ ဒါပေမယ့် မတူဘူး။ နိယတမိစ္ဆာဒိဋ္ဌိ (၃)ပါးက ပိုပြီး အပြစ်ကြီးတယ်။ ဒီဘဝမှာ နိယတမိစ္ဆာဒိဋ္ဌိ အယူမှားပြီး သေသွားလို့ မြုပ်သွားလို့ရှိရင် ဒီကမ္ဘာမီးလောင် မီးမလောင်တဲ့ ကမ္ဘာပြောင်းပြီးတော့ ငရဲခံ ရတယ်။ သူတော်ကောင်းတို့ အင်မတန် ကြောက်ဖို့ မကောင်း ဘူးလား။ (ကောင်းပါတယ် ဘုရား။)

အဲဒီ နိယတမိစ္ဆာဒိဋ္ဌိ ဘယ်က ဆင်းသက်လာသလဲဆိုတော့ “သက္ကာယဒိဋ္ဌိ”က ဆင်းသက်လာတယ်တဲ့။ နိယ တမိစ္ဆာဒိဋ္ဌိ အင်မတန်မှပဲ ကြောက်စရာကောင်းတဲ့ အယူမှားကြီး သေရင် အဝီစိရောက်မယ့် အယူမှားကြီး ဟာ ဘယ်က ဆင်းသက်လာလဲဆိုတော့ ဟို “သက္ကာယဒိဋ္ဌိ”က။ ယောဂီတို့ ခဏခဏ တရားနာနေတယ်။ မေးကြည့်ရအောင်။ “သက္ကာယ” ဆိုတာ ဘာပါလိမ့်၊ (ခန္ဓာငါးပါးပါဘုရား။) ဒိဋ္ဌိဆိုတာက ငါဘဲ၊ သူဘဲ၊ ယောကျ်ားဘဲ၊ မိန်းမဘဲလို့ ယူတာ။ အေး ခန္ဓာငါးပါးကို ငါဘဲ၊ သူဘဲ၊ ယောကျ်ားဘဲ၊ မိန်းမဘဲလို့ ယူတာ။ အဲတော့ သက္ကာယနဲ့ဒိဋ္ဌိပေါင်းတော့ (“သက္ကာယဒိဋ္ဌိ” ပါဘုရား။) “သန္တော ကာယော သက္ကယော” အထင်အရှားရှိတဲ့ ရုပ်နာမ်တွေကို “သက္ကာယ”လို့ခေါ်တယ်။ ခန္ဓာငါးပါးက သက္ကာယဘဲ။ “သက္ကာယေ ပဝတ္တာတိ သက္ကာယ ဒိဋ္ဌိ” အဲခန္ဓာငါးပါး၌ အယူမှားတာ သက္ကာယဒိဋ္ဌိဘဲ။ ငါဘဲ၊ သူဘဲ၊ ယောကျ်ားဘဲ၊ မိန်းမဘဲလို့ ထင်နေကြတယ်။ သူ့နယ်နဲ့ သူတော့ ကန့်သတ်ထားပေါ့။ ပညတ်နယ်ကတော့ ငါ၊ သူတပါး၊ ယောကျ်ား၊ မိန်းမ၊ ပုဂ္ဂ္ဂိုလ်၊ သတ္တဝါ ရှိပါတယ်၊ သမုတိသစ္စာနယ်က။ အခုပြောတာက ပရမတ္ထသစ္စာနယ်မှာ ဝိပဿနာနယ်မှာ ငါ၊ သူ၊ ယောကျ်ား၊ မိန်းမ၊ ပုဂ္ဂ္ဂိုလ်၊ သတ္တဝါ မရှိဘူး။ သူတော်ကောင်းတို့ ဘာနဲ့ဘာပဲ ရှိပါလိမ့်။ (ရုပ်နဲ့နာမ်ဘဲ ရှိပါတယ်ဘုရား။) အဲဒီ ရုပ်နဲ့နာမ်ကို မမြင်ပဲနဲ့ သူတို့မြင်တာ ငါဘဲ၊ သူဘဲ၊ ယောကျ်ားဘဲ၊ မိန်းမဘဲ မြင်တယ်၊ သက္ကာယဒိဋ္ဌိ အားကြီးတဲ့ ပုဂ္ဂ္ဂိုလ်များ။ ငါရှိလာတော့ နောက်က ငါ့ဥစ္စာ ဆိုတာ လိုက် လာတယ်။ ငါဘဲ၊ သူဘဲ၊ ယောကျ်ားဘဲ၊ မိန်းမဘဲ ထင်တော့ ငါ့သားဘဲ၊ ငါ့သမီးဘဲ၊ ငါ့ဇနီးဘဲ၊ ငါ့ခင်ပွန်းဘဲ တခါတည်းကိုဘဲ စွဲစွဲလမ်းလမ်းကြီး ဖြစ်မလာဘူးလား။ (ဖြစ်လာပါတယ် ဘုရား။)

ခုနတုန်းက “သက္ကာယဒိဋ္ဌိ”ကို အတ္တဒိဋ္ဌိလို့လည်း ပြောလို့ရတယ်။ အတ္တ သက္ကာယဒိဋ္ဌိကို အတ္တသဘော ပြောလို့ရတယ်။ ခုန တဏှာကျတော့ “အတ္တနိယ” အတ္တရှိလို့ အတ္တနိယ ဖြစ်တာ။ သက္ကာယဒိဋ္ဌိရှိတဲ့ အတွက်ကြောင့်မို့လို့ တဏှာဖြစ်ရတယ်။ ငါရှိလို့ ငါ့ဥစ္စာ၊ ငါ့သား၊ ငါ့သမီး၊ ငါ့ဇနီးဆိုတာ သိမ်း ပိုက်တဲ့ သဘော၊ ပိုင်ဆိုင်တဲ့ သဘော ဒီလိုဖြစ်လာတယ်။ အဲဒီလို သိမ်းပိုက်တဲ့ အတွက်ကြောင့် မို့လို့ တဏှာ အသေးစားကနေ တဏှာ အကြီးစားဖြစ်လာတယ်။ အတ္တ၊ အတ္တနိယကြောင့် ဒိဋ္ဌိ တဏှာကြောင့် မာန လည်း လာတာဘဲ။ တဏှာ၊ မာန၊ ဒိဋ္ဌိ အဲဒါ ပပဉ္စတရားသုံးပါး။ သံသရာ ချဲ့ထွင် တတ်တဲ့ တရား။ အဲဒါ ကိုပဲ အများသိအောင် ပြောမယ်ဆိုရင် လောဘ၊ ဒေါသ၊ မောဟပေါ့ဗျာ။ တဏှာက လောဘပေါ့၊ မာနက ဒေါသပေါ့၊ ဒိဋ္ဌိက မောဟပေါ့၊ လောဘ၊ ဒေါသ၊ မောဟတရား(၃)ပါး။ အဲဒီ လောဘ၊ ဒေါသ၊ မောဟတွေ အားကြီးလာတော့ ခုနက အဝီစိကို ကျိန်းသေကျမယ့် အယူမှားကြီး ဖြစ်ရတယ်။  

ကုသိုလ်၊ အကုသိုလ် မယုံဘူးဟေ့။ အကုသိုလ်တွေ လုပ်နေတဲ့သူတွေ သူဌေးတွေဖြစ်နေတာဘဲ မယုံ ဘူး ။ ဟာ ..ကုသိုလ်ကောင်းမူတွေ လုပ်နေတဲ့ပုဂ္ဂိုလ်တွေ ဆင်းရဲနေတာ အများကြီးဘဲ။ ဟာ ကုသိုလ်က ကောင်းကျိုး ပေးတယ်ဆိုတာ မဟုတ်ပါဘူး။ အကုသိုလ်က ဆိုးကျိုးပေးတယ်ဆိုတာ မဖြစ်နိုင်ဘူး၊ မယုံ ဘူး ပေါ့ဗျာ။ အဲဒီတော့ ကုသိုလ် အကုသိုလ်ကို ပယ်ရာ မရောက်ဘူးလား။ (ရောက်ပါတယ် ဘုရား။) အဲဒါ ကံကိုပယ်တာ၊ အကြောင်း ကိုပယ်တာ။ အကုသိုလ်က ဆိုးကျိုးပေးတယ်၊ ကုသိုလ်က ကောင်းကျိုး ပေးတယ် ဒါလူတိုင်း ယုံတာ မဟုတ်ဘူးနော် သူတော်ကောင်းတို့။ ဗုဒ္ဓဘာသာဖြစ်နေလို့ လူတိုင်းယုံတယ် မအောက်မေ့နဲ့။ လူတိုင်းယုံတာ မဟုတ်ဘူးဗျ။ တချို့ဘုရားသခင်က ဖန်ဆင်းသလိုလို၊ ထာဝရက ဖန် ဆင်း သလိုလို၊ ဟိုတမန်တော်က ဖန်တီးသလိုလို အမျိုးမျိုးဘဲ အယူအဆတွေ မရှိဘူးလား။ (ရှိပါတယ် ဘုရား။) အေး… အဲဒါတွေဟာ အယူအဆ အမှားတွေပေါ့ဗျ။ တကယ့်တကယ် ဖန်တီးတာ ဘယ်သူက ဖန်တီးတာလဲ။ ကံကဖန်တီးတာ။ ကိုယ်ပြုထားတဲ့ ကံက ဖန်တီးတာဘဲ။ အကုသိုလ်ကံက ဆိုးတာကို ဖန် တီး တယ်၊ ကုသိုလ်ကံက ကောင်းတာကို ဖန်တီးတယ်။ သြော်… ကံ ကံရဲ့အကျိုးဟာ လက်တွေ့ဟာ အမှန်။ အဲဒါကို သူတို့က မသိတော့ ဟိုလူက ဖန်ဆင်းသလိုလို ဒီလူက ဖန်ဆင်း သလိုလို အဲဒီလိုတွေ ဖြစ်နေကြတယ်။ အဲဒါ ကံ ကံရဲ့ အကျိုးကို ပစ်ပယ်လို့ရှိရင် “အဟေတုက ဒိဋ္ဌိ၊ နတ္ထိက ဒိဋ္ဌိ” အဲဒီလို ဖြစ် သွား နိုင်တယ်။ အကုသိုလ် ရှောင်စရာ မလိုဘူး၊ ကုသိုလ် လုပ်စရာ မလိုဘူး၊ တဖြည်းဖြည်းနဲ့ အယူတွေ က ပိုမှားလာတယ်နော်။

ဘာဖြစ်လို့ အဲဒီလို အယူမှားလဲဆိုတော့ များသောအားဖြင့် တချို့တချို့ အယူဝါဒတွေက ကိုယ်အောင် ရင် ပြီးတာဘဲ။ ကိုယ်နိုင်ဖို့ အရေးကြီးတယ်။ ကိုယ် စီးပွားရေးလုပ်ငန်းဘဲဖြစ်ဖြစ်၊ ဘာလုပ်ငန်းဖြစ်ဖြစ် ကိုယ်အောင်မြင်ရင် ပြီးရော၊ ကျန်တဲ့လူ ဘာဖြစ်ဖြစ်၊ ဖြစ်ချင်ရာဖြစ်။ တိုက်ကွက်တစ်ခုလိုဘဲ ဒီလောကကြီး ဘဝတစ်ခုဟာ။ ကိုယ်လိုချင်တာရဖို့ အဓိကဘဲ။ ကျန်တာ တရားတာတွေ မတရားတာ တွေ လာမပြောနဲ့ ဘာမှလက်မခံဘူး။ ကိုယ်လိုချင်တဲ့ဟာကို ရအောင်လုပ်မယ်။ အဲဒါ မက္ခလိဂေါသာလ ဝါဒ လို့ခေါ်တယ်။ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား အဲဒီလို ဝါဒဆိုးကြီးတွေပေါ့ဗျာ။ အဲဒါ နိယတမိစ္ဆာဒိဋ္ဌိ(၃)ပါးဘဲ။ အကြောင်းကိုပယ်တယ်၊ အကျိုးကိုပယ်တယ်၊ အလုပ်ကိုပယ်တယ်။ အလုပ်ကို ပယ်တယ်ဆိုတာ အကုသိုလ်ရှောင်စရာ မလိုဘူး၊ ကုသိုလ်လုပ်စရာ မလိုဘူး။ အဲဒီ အယူအဆ မှားကြီး နဲ့သေရင် ဘယ်ရောက်မလဲ။ အဝီစိရောက်မယ်၊ အပေါ်ယံမရောက်ဘူး၊ အပေါ်ယံ ငရဲ၊ တိရစ္ဆာန် မဖြစ်ဘူး။ ဟိုး အဝီစိကို ရောက်မှာ၊ သိဉ္ဖိုးငရဲတို့၊ ကာလသုတ်တို့ အဲဒါ မဖြစ်ဘူး။ တိုက်ရိုက်တမ်းပြီးတော့ အနက်ဆုံး အဝီစိကိုကျမှာ။ အယူမှားလို့၊ အယူမှားလို့ သူတော် ကောင်းတို့။ ကဲအယူမှားတာ ကြောက်ဖို့ မကောင်းဘူးလား။ အေး ပထမဦးဆုံး တမ်းမြုပ်တဲ့ပုဂ္ဂိုလ်ဟာ အဲဒီပုဂ္ဂိုလ်ဘဲ။ အယူအဆမှားတဲ့ ပုဂ္ဂိုလ်ဟာ သေရင်တော့ အဝီစိဘဲ။ ဘာမှ ယတြာချေလို့လဲ မရဘူး၊ ဘာမှလဲ လုပ်လို့မရဘူး၊ ဘယ်ကုသိုလ်ကမှလည်း မကယ်နိုင်ဘူး၊ သေရင်သွားဘဲ အဲဒါ အဝီစိဘဲ ပေါ်မလာဘဲ အဲဒါ။

အကုသိုလ်ကို မယုံ၊ ကုသိုလ်ကို မယုံ၊ အကုသိုလ် ဆိုးကျိုးပေးတယ်ဆိုတာ မယုံ၊ ကုသိုလ် ကောင်းကျိုး ပေးတယ်ဆိုတာ မယုံ။ အကုသိုလ် ရှောင်စရာမလိုဘူး၊ ကုသိုလ်လုပ်စရာမလိုဘူး အဲလို ယူတဲ့အယူဟာ ဘာဒိဋ္ဌိပါလိမ့်။ နိယတမိစ္ဆာဒိဋ္ဌိပါဘုရား။ အေး နိယတမိစ္ဆာဒိဋ္ဌိ ယောဂီတို့ အရေးမကြီးဘူးလား။ (အရေး ကြီးပါတယ်ဘုရား။)  

တရားနာတာ အဲဒါ အကျိုးအမြတ်ပဲ။ အဲဒီ ဒိဋ္ဌိ ဖြစ်ကို မဖြစ်တော့ဘူး တရားနာတဲ့ ပုဂ္ဂိုလ်မှာလေ။ ဒါ တရား အားထုတ်တာကို အသာထားအုံး။ တရားနာကတည်းကိုက ဟာ..အကုသိုလ်ဟာ ဆိုးကျိုးပေး တယ်၊ ကုသိုလ်ဟာ ကောင်းကျိုးပေးတယ် ထပ်ခါထပ်ခါ ကြားနာနေရလို့ရှိရင် ခုနလို အယူဆိုးကြီး ဖြစ်ပါတော့မလား။ (မဖြစ်ပါဘူးဘုရား။) အကုသိုလ်၊ ကုသိုလ်ကို ယုံကြည်တယ်။ ယုံကြည်လို့ ကုသိုလ် လုပ်နေကြတာပေါ့။ အဲဒီတော့ အဲလို နိယတမိစ္ဆာဒိဋ္ဌိ(၃)ပါး မဖြစ်နိုင်တော့ဘူး။  

အဲဒီလို လောဘ၊ ဒေါသ၊ မောဟ သောင်းကျန်လို့ရှိရင် အဖေလည်း သတ်နိုင်တယ်၊ အမေလည်း သတ် နိုင် တယ်၊ ရဟန္တာလည်း သတ်နိုင်တယ်။ ရဟန္တာဆိုတာ ရဟန္တာလို့ အော်ဟစ်နေတာ မဟုတ်ဘူး၊ သူ့ဟာ သူနေတာ။ အဲဒီလိုသွားပြီးတော့ ကိုယ်က ဒေါသကြီးလို့ရှိရင် ရဟန္တာသတ်တဲ့ အဖြစ် ရောက်မ သွားနိုင်ဘူးလား။ (ရောက်သွားနိုင်ပါတယ်ဘုရား။) အဖေလည်းသတ်၊ အမေလည်းသတ်၊ ရဟန္တာလည်း သတ်။ အဲဒီလို တစ်ခုခုများသတ်မိလို့ရှိရင် ပဉ္စာနန္တရိယကံဘဲ။ မြတ်စွာဘုရားကတော့ မရှိတော့လို့ သွေး စိမ်းတည်အောင် လုပ်လို့မရဘူးပေါ့။ သံဃာသင်းခွဲတယ်။ အဲဒါလည်း ရတာဘဲ။ သံဃာသင်းခွဲတယ်။ သံဃာတွေ နှစ်ခြမ်းကွဲအောင်လုပ်လို့ရှိရင် အဲဒါ သံဃာသင်းခွဲတဲ့ကံ သံဃဘေဒကဘဲ။ သေရင်အဝီစိဘဲ။ ဘာမှယတြာချေလို့မရဘူး။ ဘာလုပ်လို့မှ မရဘူး။ သေရင် အဝီစိဘဲ။ အဲဒါ သံဃာသင်းခွဲတဲ့ ပုဂ္ဂိုလ်တွေ ကတော့၊ အဖေသတ်တဲ့ ပုဂ္ဂိုလ်၊ အမေသတ်တဲ့ပုဂ္ဂိုလ်၊ နောက်တခါ ရဟန္တာကို သတ်တဲ့ပုဂ္ဂိုလ်၊ သံဃာ သင်းခွဲ တဲ့ပုဂ္ဂိုလ်၊ မြတ်စွာဘုရားမရှိတော့လို့ထား၊ မြတ်စွာဘုရား မရှိတဲ့အခါမှာ ရုပ်ပွားတော်တွေကို လည်း  ရိုသေရတယ်။  

တချို့က ရုပ်ပွားတော်တွေကို အရည်ကျိုပစ်တာတို့၊ လည်ပင်း ဖြတ်ပစ်တာတို့ လုပ်တာတွေရှိတယ်။ အဲဒါတွေ ချက်ချင်းငရဲကြီးတယ်၊ အဲဒါတွေလည်းဘဲ။ သက်တော်ထင်ရှား ဘုရားကဲ့သို့ဘဲ။ ကြည်ညိုရင် လည်းဘဲ အကျိုးကြီးသလို ဖျက်ဆီးရင်လည်းဘဲ အင်မတန်မှဘဲ အကုသိုလ်များတယ်။ အဲဒါက ပထမဦး ဆုံး ပုဂ္ဂိုလ်ဘဲ။ နည်းနည်းလေး ရေထဲကျတာနဲ့ တမ်းမြုပ်တာဘဲ။ သေတာနဲ့ အဝီစိရောက်တယ် ဒီလို ဆိုလိုပါတယ်၊ ပထမပုဂ္ဂိုလ် ပထမပုဂ္ဂိုလ်။

 

              
   (Share this page on Facebook
)

 

ဆက်ရန် 

ရေဥပမာတရားတော် (တတိယပိုင်း) Click here

 

Typed By: Monica Pyone

Vimuttisukha Bliss Facebook မှကူးယူးဖော်ပြပါသည်။