တဖြည်းဖြည်းနဲ့ ကာမသုခလ္လိကာနုယောဂတွေက များလာပြီ။ သက် သက် သာသာလေး   သိပြီးရော သိပြီးရော အဲဒါတွေ အများကြီး လာကုန်ပြီဗျ။ ဘာဖြစ်လို့ လဲဆိုတော့ ဒါ သဘာ၀ ဘဲလေ။  မင်း ပေါ့ခဲ့လို့ မင်း အခုထက်ထိ တရားမရတာ။ မကောင်းတာတွေ မဟုတ်တာတွေ ပြောနေ ကြတဲ့သူတွေကို သွား အပြစ်မတင်နဲ့နော်။ ကိုယ့်ကိုကိုယ်သာ အပြစ်တင်။ ကိုယ်ပေါ့ ခဲ့လို့ အခုထက်ထိ တရားမရတာ။။

မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ

 

 

ရေဥပမာတရားတော် (အဋ္ဌမပိုင်း)  (ဓမ္မမှတ်စုများ-၁၃)


သေချာစဉ်းစားမှ၊ သေချာစဉ်းစားမှ။ နည်းနည်းလေး စဉ်းစားလို့မရဘူး။ သူတော်ကောင်းတို့ အခုအချိန် မှာတော့ ဘယ်နေရာဖြစ်ဖြစ် မိမိမရှိရင် မဖြစ်ဘူး။ အင်မတန်မှဘဲ မိမိဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါမနေဘူးလား။ (ပါနေပါတယ်ဘုရား။) မိသားစုမှာလည်း မိမိလုပ်ကျွေးမှ။ (ဟုတ်တယ် မဟုတ်လား။) ဒီ့ပြင် အရာတွေမှာလည်း၊ ပတ်ဝန်းကျင် ဆက်သွယ်တာတွေမှာလည်း မိမိရှိမှ၊ မိမိရှိမှ။ ငါမရှိရင်တော့ အကုန် ခက်ကုန်တော့မှာဘဲ။ ဒီလိုတွေ မဖြစ်နေဘူးလား သူတော်ကောင်းတို့။ (ဖြစ်နေပါတယ်ဘုရား။)

အဲဒီလို မရှိမဖြစ်တဲ့ ပုဂ္ဂိုလ်များ ကဲ… ဖြတ်ဆို သေကြည့်ပါဗျာ၊ အခုဘဲ သေကြည့်လိုက်ပါ တရားနာရင်းနဲ့။ ဒါ သဘောပြောပါတယ် သူတော်ကောင်းတို့ ဟုတ်လား။ ကျန်တဲ့သူတွေ အကုန်လုံး လိုက်သေမှာလား၊ (မသေပါဘူးဘုရား။) ဟာ ဒီပုဂ္ဂိုလ်မရှိရင် မဖြစ်ဘူးဆို။ မဖြစ်ဘူးဆို သေပေါ့ အကုန်လုံးဝိုင်းပြီးတော့။ ကဲ သေပါ့မလားလို့။ (မသေပါဘူးဘုရား။) သူဟာနဲ့သူ ဖြစ်သွားတာဘဲ မဟုတ်လား။ (မှန်ပါတယ်ဘုရား။) အေး.. သူသူငါငါ အဲဒီအတိုင်းဘဲ။ အထင်လွဲနေကြတာ။ ကိုယ်မရှိရင် မဖြစ်ဘူးလို့ထင်တာ။ မရှိလည်း ဖြစ်တာဘဲ၊ သူ့သဘာ၀ သူဟာသူ ဖြစ်သွားတာဘဲ မဟုတ်လား။ (မှန်လှပါဘုရား။)

ဒီ့ပြင်လူကို မပြောပါနဲ့ဗျာ။ သဗ္ဗညုမြတ်စွာဘုရား ပရိနိဗ္ဗာန်စံသွားတယ်။ ဘုရားရှိမှ ဒီတရား၊ ဘုရား မရှိ လည်း ကျန်တဲ့သံဃာတွေ ဆက်ဖြစ်သွားတာဘဲ။ သူ့ အချိန်တန် သူဟာသူဖြစ်သွာတာဘဲ မဟုတ်လား။ (မှန်လှပါဘုရား။) လောကသုံးပါးမှာ ဘုရားထက်မြတ်တာများ ရှိပါအုံးမလား။ (မရှိပါဘူးဘုရား။) ကဲ… တိုင်းပြည်မှာ တချို့ ရှင်ဘုရင်တွေ နတ်ရွာစံသွားတယ်။ နောက်ဆက်သွားတာဘဲ မဟုတ်လား။ မရှိမဖြစ် ဘူးဆိုတာ ဟုတ်ရဲ့လား။ (မဟုတ်ပါဘူးဘုရား။) ဟိုမှာ အရာရှိတွေ၊ ဘာတွေညာတွေ တချို့နေရာတွေ ကဲသေသွား။ သေသွား နောက်အရာရှိတစ်ယောက်တက်တာဘဲ။ ကဲ မဖြစ်ဘူးလား။ (ဖြစ်ပါတယ် ဘုရား။) ရဟန်းသံဃာတော်တွေတဲ့ ကျောင်းထိုင်နေတယ်။ ဟာ ဒီဆရာတော်က သာသနာပြုတာ ကောင်းတယ်။ အင်မတန်တော်တာဘဲတဲ့။ ဟော.. ပျံတော်မူသွား။ နောက်တစ်ပါးတက်တာဘဲ။ ကဲ ဖြစ်မသွားဘူးလား။ (ဖြစ်သွားပါတယ်ဘုရား။)

အဲဒီတော့ မဖြစ်တာက ကိုယ့်တဏှာက မဖြစ်တာ။ သဘောပါရဲ ့လား။ (ပါပါတယ်ဘုရား။) ကိုယ့် တဏှာ က ကိုယ် မင်းမရှိရင် မဖြစ် ဘူး။ ဘယ်သူက ဟောနေပါလိမ့် အဲဒါ။ (တဏှာက ဟော နေတာပါဘုရား။) တဏှာက ဟောနေတာ ဦးဇင်းတို့ ဟောနေတာမဟုတ်ဘူးနော်။ ရင်ထဲက ပုဂ္ဂိုလ်ကြီးက ဟောနေပါ တယ်။ ရင်ထဲက မင်းမရှိရင် မဖြစ်ဘူး။ အဲဒီတော့ မင်းမရှိရင် မဖြစ်ဘူး ဆိုတော့ ဥပုသ်ကလေးတောင် မစောင့်နိုင်ဘူးဖြစ်နေတယ်။ စနေ၊ တနင်္ဂနွေဘဲ ဥပုသ် စောင့်လိုက်ရင် မ ကောင်းဘူးလား။ (ကောင်းပါ တယ်ဘုရား။) သြော်… အရှင်ဘုရား အခုမှ ပြောတာကိုး၊ ဟုတ်တယ် မဟုတ်လား။

ဥပုသ်ကို မနက်ကတည်း စောင့်လိုက်လို့ရှိရင် ရှစ်ပါးသီလ စနေနေ့ ဥပုသ်ရမယ်၊ တနင်္ဂနွေနေ့ ဥပုသ်ရ မယ်။ ဟာ.. မနက်ကတည်းကနေပြီးတော့ ဟုတ်လား။ တခါတည်း မနက်ကတည်းက စထိုင်တော့ဗျာ။ ဒီလောက်ထိုင်တတ်နေတာ ဟုတ်တယ်မဟုတ်လား။ (မှန်ပါ့ဘုရား။) မနက်ကတည်းကဟေ့။ တို့ စနေ၊ တနင်္ဂနွေဆို တို့ အလုပ်ပိတ်မယ်ဟေ့။ လာ ထိုင်ကြမယ်ဟေ့ဆိုပြီး ထိုင်ကြမယ်။ ကဲ… မနက်မှာ သုံးချိန် လောက် ရမယ်ဗျာ၊ နေ့ခင်းမှာ နှစ်ချိန်လောက် ရမယ်ဗျာ။ အဲဒီလိုများ ထိုင်လိုက်ကြမယ်ဆိုရင် ကုသိုလ် တွေ ပိုမတိုးဘူးလား။ (တိုးပါတယ်ဘုရား။) အဲဒီလိုဆို နောက် အပတ်ကျရင် အဲဒီလို လုပ်ရင် မကောင်း ဘူးလား။ (ကောင်းပါတယ်ဘုရား။)

အေး ဒါ ရှစ်ပါးသီလစောင့်ဖြစ်အောင် ပြောတာ သူတော်ကောင်းတို့။ (မှန်လှပါဘုရား။) ရှစ်ပါးသီလနှင့် မနက်ဆို နှစ်ချိန်လောက် သုံးချိန်လောက် ရတယ်ဗျာ၊ ၇ နာရီထဲက ရောက်အောင်လာ။ ၇ နာရီကနေ ၈ နာရီ၊ ၉ နာရီကနေ ၁၀ နာရီ၊ အနည်းဆုံး နှစ်ချိန်လောက်ရတယ် ဟုတ်တယ်မဟုတ်လား။ ၁၂ နာရီခွဲ ကနေပြီးတော့ ၁ ချက်ခွဲ။ အဲဒီကနေ တရားနာ။ တရားနာပြီ မပြန်နဲ့အုံး။ နောက်တစ်ချိန် ဆက်ထိုင်အုံး မယ် ဟေ့။

အဲ နံပါတ်(၄)ပုဂ္ဂိုလ် ရောက်သွားပြီနော် သူတော်ကောင်းတို့။ နံပါတ်(၄)ပုဂ္ဂိုလ်က သူက မမြုပ်အောင် လည်း လုပ်ရသေးတယ်၊ ကမ်းတော့ မကူးနိုင်သေးဘူး၊ ကမ်းမမြင်သေးဘူး ပထမက ဟုတ်လား။ ဘေး နားက ဒိုက်တွေ၊ ချုံတွေကိုလည်း ဖယ်ရသေးတယ်၊ ဖယ်ပြီးတော့ ဘယ်ကိုလည်း ကြည့်ရသေးလဲ။ (ကမ်း ကိုလည်းကြည့်ရသေးပါတယ်ဘုရား။) ကမ်းကြည့်တယ်ဆိုတာ ဘာလုပ်တာပါလိမ့်။ (ဝိပဿနာတရား အားထုတ်တာ ပါဘုရား။) အေး… ဝိပဿနာတရား အားထုတ်နေတာ။ နိဗ္ဗာန် ရှာနေတာလေ သူတော် ကောင်းတို့။ (မှန်လှပါဘုရား။)

အေး… ကမ်းဆိုတာ နိဗ္ဗာန်ဘဲ။ နိဗ္ဗာန်ကိုမြင်အောင်ကြည့်ဆိုတော့ ဝိပဿနာတရား အားထုတ်နေတာ။ ဝိပဿနာတရား အားထုတ်တယ်ဆိုတာ ဒီတိုင်း သူက ကြည့်လို့မရဘူး ကမ်းကို။ ဘေးနားမှာ ချုံပုတ် တွေကလည်း အင်မတန်မကြီးကျယ်ဘူးလား။ (ကြီးကျယ်ပါတယ် ဘုရား။) ယောဂီတို့ ဘေးနားမှာ ချုံပုတ် တွေ မရှိဘူးလား။ (ရှိပါတယ်ဘုရား။) အဲဒီ ချုံပုတ်တွေကို နည်းနည်းလောက် ဖယ်လိုက်ပါတဲ့။ ခဏ လောက် ပေါ့ဗျာ၊ အကြာကြီး မဖယ်ရင်နေပေါ့ ဟုတ်လား။ ခဏလောက်တော့ မဖယ်သင့်ဘူးလား။ (ဖယ်သင့်ပါ တယ်ဘုရား။) အေး.. တစ်လ နှစ်လ ဖယ်လိုက်ပါ၊ သုံးလ လေးလ ဖယ်လိုက်ပါ၊ တစ်နှစ် နှစ်နှစ် ဖယ် လိုက်ပါ။ ဒါမှ တရားရမှာနော် သူတော်ကောင်းတို့။ (မှန်လှပါဘုရား။) ခံျုပုတ်ထဲမှာ ဝင်အောင်းနေလို့ရှိရင် တော့ဗျာ။ ကမ်း မြင်ပါတော့မလား။ (မမြင်တော့ပါဘူးဘုရား။)

ချုံပုတ်က အင်မတန် မကြီးကျယ်ဘူးလား။ (ကြီးကျယ်ပါတယ်ဘုရား။) ချုံပုတ်ကိုပြောတာ သူတော် ကောင်း တို့ ဟုတ်တယ်မဟုတ်လား။ အဲဒီ ချုံပုတ်တွေကို ဖယ်ပြီးတော့ ကြည့်ပါတဲ့။ အမျိုးသား ကလည်း ချုံပုတ်ကို ဖယ်လိုက်ပါ။ ဘေးနားက ခံျုပုတ်ကို ဟုတ်လား။ အမျိုးသမီးကလည်း ဘေးနားက ခံျုပုတ် တွေကို ဘာလုပ်ရမလဲ။ (ဖယ်ရမှာပါဘုရား။) ဖယ်လိုက်ပါ ဖယ်လိုက်ပါ။ ချုံပုတ်မရှိတဲ့ ပုဂ္ဂိုလ်တွေက ချုံပုတ်ကို မမျှော်လင့်နဲ့။ မြန်မြန်ဆန်ဆန် ကမ်းမြင်အောင် လုပ်ရမယ့် ပုဂ္ဂိုလ်တွေက ဘယ်… ချုံပုတ်ကြီး ရောက်လာရင် မြင်ဖို့ လွယ်ပါမလား။ (မလွယ်ပါဘူးဘုရား။)

ချုံပုတ်ကြီးက အပေါ်ကနေစီးပြီးတော့ မှောင်ပိန်းနေတယ်ဆိုတော့ ကမ်းက ဘယ်လိုလုပ် ဟိုဘက်ကို လှမ်းမြင်ဖို့ လွယ်ပါတော့မလား သူတော်ကောင်းတို့။ (မလွယ်ပါဘူးဘုရား။) သဘောပါရဲ့လား။ (ပါပါ တယ်ဘုရား။) အဲဒီချုံပုတ်တွေကို မမက်မောပါနဲ့။ ချုံပုတ်တွေကို ခဏဖယ်ထားလိုက်ပါအုံး။ လက်နဲ့ မင်း ခဏဘေးဖယ်အုံး၊ ဘေးဖယ်အုံး ဟေ့။ ကမ်းကို ကြည့်မလို့ သူတော်ကောင်းတို့ ဟုတ်လား။ အဲဒီလို ချုံပုတ်ကို ဖယ်ပြီးတော့ ကြည့်ပါများလို့ရှိရင် နောက်ပိုင်းကျလို့ရှိရင် ကြိုးစားလို့ရှိရင် ကမ်းမမြင်နိုင်ဘူး လား။ (မြင်နိုင်ပါတယ်ဘုရား။)

ဝိပဿနာတရား ကြိုးစားပွားများအားထုတ်ရင် နောက် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရမယ်။ ဒါကိုပြောတာ သူတော်ကောင်းတို့။ သူက ခုနတုန်းက လေချွန်လိုက်တဲ့ ပုဂ္ဂိုလ်ထက်စာရင်တော့ ပင်ပန်းတယ်နော်။ (မှန်လှပါဘုရား။) လေချွန်လိုက်တဲ့ ပုဂ္ဂိုလ်က သူက ညဘက်ဆို သြကာသ၊ သြကာသ လုပ်လိုက်တယ်၊ အဲ.. နောက်ပြီးတော့ ဒါနလေး ဘာလေးပြုလိုက်တယ်၊ ကုသိုလ်ကောင်းမှုတွေ ဘာတွေပြုလိုက်တယ်၊ နောက်ပြီးတော့ သူက ချုံပုတ် မဖယ်ဘူး၊ ချုံပုတ်ထဲ သွားအိပ်နေတယ်။ (ဟုတ်တယ်မဟုတ်လား။)

ချုံပုတ်ထဲအိပ်ပြီးတော့ မြောပါသွားတဲ့ ပုဂ္ဂိုလ်က ဒီကမ်း မြင်ပါတော့ မလား။ (မမြင်ပါဘူးဘုရား။) မမြင် ရင် သူက ပင်လယ်ထဲရောက်တော့မယ်နော် သူတော်ကောင်းတို့။ ရေစီးက သန်တယ်မဟုတ်လား။ (သန်ပါတယ်ဘုရား။) သူတော်ကောင်းတို့ သေသေချာချာ စဉ်းစားမှ စေ့စေ့တွေးမှ။ (ရေးရေး ပေါ်ပါ တယ်ဘုရား။) သူတော်ကောင်းတို့ ရေစီးက အင်မတန် သန်ပါတယ်။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဟာ တဏှာမြစ်ရေတွေမဟုတ်လား သူတော်ကောင်းတို့။ (မှန်လှပါဘုရား။) အဲဒီရေစီး ကလည်း အင်မတန် မသန်ဘူးလားဗျာ။ (သန်ပါတယ်ဘုရား။) အင်မတန် သန်ပါ တယ်၊ အိမ်မက်ထဲတောင် မက် တယ်။ သန်တယ်မဟုတ်လား သူတော်ကောင်းတို့။ (သန်ပါတယ် ဘုရား။) အဲဒီတော့ အဲဒီ ရေစီးသန်တာ ကြီး မြောပါသွားလို့ရှိရင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မရ သေးပဲနဲ့ သာသနာပထိ ရောက်မသွားနိုင်ဘူးလား။ (ရောက်သွားနိုင်ပါတယ်ဘုရား။) သာသနာပ ရောက်သွားမှ ဝိပဿနာ အားထုတ်ချင်တယ်ဆိုလို့ ငိုနေ လို့  ရပါအုံးလား။ (မရပါဘူးဘုရား။)

သာသနာပ ထားပါအုံးဗျာ၊ အခု နောက်ပိုင်းတောင်ကွယ်တော့မယ်နော် သူတော်ကောင်းတို့။ နောက်ပိုင်း ကျ လို့ရှိရင် တဖြည်းဖြည်းနဲ့ ကာမသုခလ္လိကာနုယောဂတွေက များလာပြီ။ သက် သက် သာသာလေး သိပြီးရော သိပြီးရော အဲဒါတွေ အများကြီး လာကုန်ပြီဗျ။ ဘာဖြစ်လို့ လဲဆိုတော့ ဒါ သဘာဝဘဲလေ။ ဘယ်သူ့မှ အပြစ်မတင်နဲ့။ ကိုယ့်ကိုကိုယ်သာ အပြစ်တင်။ မင်း ပေါ့ခဲ့လို့ မင်း အခုထက်ထိ တရားမရတာ။ မကောင်းတာတွေ မဟုတ်တာတွေ ပြောနေ ကြတဲ့သူတွေကို သွား အပြစ်မတင်နဲ့နော်။ ဒါ သဘာဝဘဲ။
 

 

              
   (Share this page on Facebook
)


(ဆက်ရန်...)

ရေဥပမာတရားတော် (နဝမပိုင်း) Click here

 
Typed By: Monica Pyone

Vimuttisukha Bliss Facebook မှကူးယူးဖော်ပြပါသည်။