ရေဥပမာတရားတော် (နဝမပိုင်း)
(ဓမ္မမှတ်စုများ-၁၄)
မြတ်စွာဘုရား ပွင့်တုန်းက ကြည့်ပါလား မက္ခလိဂေါသာလတို့၊
ပူရဏကဿပတို့ နောက် တိတ္ထိဆရာကြီး ခြောက်ယောက်လေ၊
နာဋပုတ္တတို့ ကဲ အမျိုးမျိုး မဟုတ်က ဟုတ်ကတွေ ဟောနေတယ်
မဟုတ်လား။ (မှန်လှပါဘုရား။) မဟုတ်က ဟုတ်ကတွေ ဟောနေတာ
ဒါ သဘာဝပဲသူက။ အမှန်ရှိရင် အမှားက ရှိရမယ်၊
အလင်းရှိရင် အမှောင်ရှိရမယ်၊ နိဗ္ဗာန်ရောက်မယ့် တရား
ပေါ်ရင်၊ အဝီစိရောက်မယ့် တရားကလည်း ပေါ်ရမယ်။ ဘယ်ဘက်က
အားကောင်းလဲဆိုတော့ အဝီစိရောက်မယ့် တရားဘက်က အားတွေက
မကောင်းဘူးလား။ (ကောင်းပါတယ်ဘုရား။) နိဗ္ဗာန်နဲ့
လွဲမယ့် တရားတွေက အများကြီး ပေါ်မယ်နော်
သူတော်ကောင်းတို့။ (မှန်ပါဘုရား။) တရားနာရုံနဲ့
မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရတာတို့၊ ၇ ရက်လုပ်လိုက်တာနဲ့
တမ်းရတာတို့၊ ဟာ သဗ္ဗညုတမြတ်စွာဘုရားကျနေတာဘဲ။
ဘယ်နေ့ ဘယ်သူ ဘာရမလဲဆိုတာ ဘုရားမှ သိတာဗျ။ ကျန်တဲ့သူ
မသိနိုင်ဘူး။
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး
ဉာဏ်စဉ်ပေးတယ်ဆိုတာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရလို့
ပေးတာမဟုတ်ဘူး။ ကိုယ့်ဉာဏ်အဆင့် ကိုယ်တိုင်ချင့်လို့
ဒီလို ပါတယ်မဟုတ်လား။ (မှန်လှပါဘုရား။)
ဖြစ်တဲ့ဉာဏ်တွေကို ဟောပြတာ။ ကိုယ့်ဖြစ်တဲ့ဟာနဲ့ ဒီက
ဟောတာတွေကို တိုက်ဆိုင်ကြည့်။ ကိုယ် တိုက်ဆိုင်ရင်
ကိုယ်ရတာဘဲ။ မတိုက်ဆိုင်ရင် မရဘူး။ ကိုယ့်ဉာဏ်အဆင့်
ကိုယ်တိုင်ချင့် ဒီလို ပြောတာ။ အောင်လက်မှတ် မဂ်ဉာဏ်၊
ဖိုလ်ဉာဏ်ရတဲ့ အောင်လက်မှတ်ပေးတာ မဟုတ်ဘူး။ အဲဒါ အခုက
၇ ရက်အားထုတ်ရင် ရမယ်၊ ၈ ရက်အားထုတ်ရင် ရမယ်ဆိုတော့
တကယ်မရသေးပဲနဲ့ ကိုယ့်ကိုယ်ကို ရတယ်ထင်ရင်
မနာဘူးလားဗျာ။ (နာပါတယ်ဘုရား။) အဲ နောက်ပိုင်းကျရင်
အဲဒါတွေ အများကြီး ဖြစ်တော့မယ်။
ဘုရားစကား နားမထောင်ပဲနဲ့ လုပ်ချင်တာ လုပ်တဲ့
ပုဂ္ဂိုလ်တွေ ပေါ်တော့မယ်။ အဲဒီ ပုဂ္ဂိုလ်တွေရဲ့ အပြစ်
မဟုတ်ဘူး။ ဒါ သဘာဝဘဲ။ သာသနာက ပရမှာကိုးဗျ။ သာသနာက
တစ်နေ့နေ့ကျရင် ပရမှာ မဟုတ်လား။ (မှန်လှပါဘုရား။) အဲ
ပတယ်ဆိုတာ သီလ၊ သမာဓိ၊ ပညာတွေ တိုးတက်လို့ ပတာ
မဟုတ်ဘူး။ ဆုတ်ယုတ်လို့ ပတာ မဟုတ်လား။
(မှန်လှပါဘုရား။) အဲဒီတော့ အဲဒီလို တဖြည်းဖြည်း
ဆုတ်ယုတ် ဆုတ်ယုတ် လာပြီဆိုတော့ ကိုယ်သိရဲ့သားနဲ့
အေးအေးဆေးဆေး ပေါ့ပေါ့ဆဆ နေတယ် ဆိုတာ
သူများမိုက်တာလား၊ ကိုယ်မိုက်တာလား။
(ကိုယ်မိုက်တာပါဘုရား။) နောက်ပိုင်းကျရင် အဲဒါ ပင်လယ်
ထဲရောက်သွားလိမ့်မယ်။ ဘာမှ ကမ်းမမြင် လမ်းမမြင် ဘာမှ
မှီစရာ တွယ်စရာ မရှိ ရင်တော့ အဲဒါ နစ်လိမ့်မယ်။ အခုထဲက
အပင်ပန်းခံပြီး ကမ်းကို ရှာကြ။
အပင်ပန်းခံဆိုတာ လူပင်ပန်းတာ ဒီလောက်မဟုတ်ဘူး။
စိတ်ပင်ပန်းခံကြနော် သူတော်ကောင်းတို့။ (မှန်လှ
ပါဘုရား။) စိတ်ပင်ပန်းခံကြဆိုတာ စွန့်လွှတ်သင့်တဲ့
အရာကို စွန့်လွှတ်ကြပါ။ အပြီးအပိုင် မစွန့် လွှတ်နိုင်
ရင် တဒင်္ဂ၊ တဒင်္ဂ စွန့်လွှတ်ကြ။ ကိလေသာတွေကို
စွန့်လွှတ်ကြ။ ဖက်တွယ် မထားနဲ့ ကိလေ သာတွေကို။
ကိလေသာတွေက စွန့်လွှတ်ရမယ့် တရားတွေ။ အကုသိုလ်
ဒုစရိုက်တွေက စွန့်လွှတ်ရမယ့် တရားတွေ။ သံယောဇဉ်ဟာ
စွန့်လွှတ်ရမယ့် တရားတွေ၊ တွယ်တာမထားနဲ့၊ တစ်နေ့ကျရင်
ခွဲရမှာဘဲ။ အခု ဘယ် လောက်ပဲ တွယ်တာတယ်၊ မြတ်နိုးတယ်ဘဲ
ဘာတွေဘဲပြောပြော တစ်နေ့ကျရင် ခွဲရမှာ မဟုတ်လား။
(မှန်လှပါဘုရား။)
အဲ… အခု မေတ္တာနဲ့ လုပ်ကျွေးတာ လုပ်ကျွေးတာဘဲ။
ဉာဏ်ပညာနဲ့ခွဲပြီး တရားအားထုတ်ကြ။ ယောဂီတို့
တစ်ယောက်နဲ့ တစ်ယောက် မုန်းဖို့၊ တစ်ယောက်နဲ့ တစ်ယောက်
ရန်ဖြစ်ဖို့ ပြောတာ မဟုတ်ဘူးနော်။ (မှန်လှပါဘုရား။)
ဖြစ်ဆိုလည်း ဖြစ်မှာမဟုတ်ပါဘူး ဟုတ်လား။ ဖြစ်ခိုင်းတာ
မဟုတ်ဘူး ယောဂီတို့။ ဉာဏ်ပညာနဲ့ တရားအားထုတ်ဖို့
ပြောတာ ဟုတ်တယ်မဟုတ်လား။ အတူတူနေပေမယ့်လို့ မိမိတို့
ဉာဏ် ပညာနဲ့ ခွဲပြီးတော့ ဉာဏ်ပညာနဲ့ တရား အားထုတ်ရမယ်။
ဒါမှသာလျှင် ကမ်းရှာတဲ့ ပုဂ္ဂိုလ် ဖြစ်မှာပေါ့။ ခုနလို
ချုံပုတ်ထဲ အိပ်နေတဲ့ပုဂ္ဂိုလ်က ကမ်း မြင်ပါတော့ မလား။
(မမြင်ပါဘူးဘုရား။)
အေး ဒါကြောင့်မို့လို့ အပင်ပန်းခံပါ။ စွန့်လွှတ်သင့်တဲ့
အရာကို ရဲရဲရင့်ရင့် စွန့်လွှတ်ပါ။ အဲဒါ မြတ်စွာ
ဘုရားရဲ့ သားတော်။ မြတ်စွာဘုရားအလောင်းတော်ဟာ
စွန့်လွှတ်သင့်တဲ့ဟာကို စွန့်လွှတ်တယ်။ တိုင်း
ပြည်ကြီးလည်း စွန့်လွှတ်တာဘဲ၊ မိဖုရားတွေလည်း
စွန့်လွှတ်တာဘဲ။ အဲဒီလို ပါရမီဖြည့်လို့ ဘုရားဖြစ်တာ
မဟုတ်လား။ (မှန်လှပါဘုရား။) ဘုရားထိုင်
ရှိခိုးနေရုံနဲ့ မရဘူး။ ဘုရားလမ်းစဉ်ကို လိုက်မှ ဘုရား
ဖြစ်ချင်ရင်လည်း ဘုရားဖြစ်မယ်၊ ရဟန္တာဖြစ်ချင်ရင်လည်း
ရဟန္တာဖြစ်မယ်။ စွန့်သင့်တဲ့ဟာကို စွန့်ကို စွန့်ရမယ်။
စွန့်လို့ မျက်ရည်ဘဲ ကျကျ၊ ဘာပဲ ဖြစ်ဖြစ်၊
စွန့်သင့်တဲ့ဟာကို စွန့်ကို စွန့်နိုင်ရမယ်၊ မစွန့်ရင်
ဒုက္ခရောက်မှာဘဲ။ အဲဒါ စွန့်လွှတ်သင့်တာကို စွန့်လွှတ်ပါ။
စွန့်စားသင့်တဲ့ အရာကို စွန့်စားပါ။
စွန့်စားသင့်တဲ့အရာဆိုတာ တရားအားထုတ်တယ်။
တရားများများအားထုတ်ရင် ရောဂါများ ပိုတိုးလာ
မလားမသိဘူး။ အင်း ငါ့ရောဂါနဲ့ မတည့်ဘူး။ ငါ
လေများဖြတ်မလား မသိဘူး။ ဘာများဖြစ်မလဲ။ တချို့တရား
အားထုတ်တာကို ကြောက်တာတွေ မရှိဘူးလား။
(ရှိပါတယ်ဘုရား။) စွန့်စားရဲတဲ့ သတ္တိရှိရမယ်။ လုပ်သင့်
လုပ်ထိုက်တာကို လုပ်ရဲတဲ့ သတ္တိရှိရမယ်။ လုပ်သင့်
လုပ်ထိုက်တာကျတော့ မလုပ်ရဲ ဘူး။ မလုပ်သင့်
မလုပ်ထိုက်တာကျတော့ သွားရဲတယ်။ ကဲ.. ပြောင်းပြန်
ဖြစ်မနေဘူးလား။ (ဖြစ်နေ ပါတယ်ဘုရား။)
သံယောဇဉ် တွေဆိုတာ ဖက်တွယ်ရမှာလား၊ စွန့်လွှတ်ရမှာလား။
(စွန့်လွှတ်ရမှာပါဘုရား။) စွန့်လွှတ် နိုင်အောင်
အတူတူနေရင်လည်းဘဲ ဉာဏ်နဲ့ စွန့်လွှတ်ရမယ်။
သူတော်ကောင်းတို့ နှစ်ပိုင်းနော်။ (မှန်ပါတယ်ဘုရား။)
တို့ လူချည်းပဲ စွန့်ပြီးတော့ ဟို တောထဲသွားတာက
တစ်မျိုး။ ဒီလို စွန့်လွှတ် နိုင်ရင်တော့
ရင့်ကျက်သွားပြီ အဲဒါ ကောင်းတယ်။ အဲဒီလို
မစွန့်လွှတ်နိုင်ရင်လည်းပဲ အတူတူ နေသော်လည်းဘဲ
ကြာပန်းကဲသို့၊ ရေထဲမှာ ကြာပေါက်တယ်တဲ့။
သို့သော်လည်းပဲ ကြာနဲ့ရေဟာ လိမ်းကျံရဲ့လား။
(မလိမ်းကျံပါဘူးဘုရား။) အေး အများနဲ့ နေသော်လည်း
မလွှဲသာ မရှောင်သာလို့ အမျိုးသမီးဖြစ်နေလို့
အများနဲ့နေရတယ်၊ အများနဲ့နေပေမယ့် အများနဲ့
မငြိကပ်စေနဲ့၊ ကြာပန်းလိုကျင့်။
နွံထဲကပေါက်လာတာ ကြာပန်းဟာ၊ ရေထဲကပေါက်လာတာ ကြာပန်းဟာ
ဟိုးတောင်ထိပ်မှာ တက်ပေါက်တာ မဟုတ်ဘူးနော်။ ရေထဲမှာ
ပေါက်ပေမယ့် ရေနဲ့လိမ်းကျံခြင်းရှိရဲ့လား။
(မရှိပါဘူးဘုရား။) အေး အဲဒီလို ဖြစ်ရမှာ။
အများနဲ့နေသော်လည်းဘဲ အများနဲ့ မလိမ်းကျံမှ လောဘ၊
ဒေါသတွေ မလိမ်း ကျံအောင် ကြိုးစားရမယ်။ အခု ကတည်းက စ
ကြိုးစားရမှာ၊ ရသလောက်ပေါ့ ဟုတ် တယ်မဟုတ်လား။
(မှန်ပါတယ်ဘုရား။) အဲဒီလို ကြိုးစားမှသာလျှင် ကမ်းကို
ရှာတဲ့ ပုဂ္ဂိုလ်ဖြစ်မယ်။ အဲဒီလိုသာ မကြိုးစားဘူး။ သူ
ဒီလိုပဲ ရွှံ့တွေနွံတွေ ပေနေမယ်၊
ချုံထဲဝင်အိပ်နေမယ်ဆိုရင်တော့ ကမ်းမြင်ရပါလို၏လို့
အော် နေပေမယ့် မြင်ရပါ့မလားဗျာ။ (မမြင်ရပါဘူးဘုရား။)
(Share this page on Facebook)
(ဆက်ရန်)
ရေဥပမာတရားတော် (ဒဿမပိုင်း) Click here
Typed By: Monica Pyone
Vimuttisukha Bliss Facebook
မှကူးယူးဖော်ပြပါသည်။ |