ဘာကိုဦးတည်မှာလဲ
...
ဒုက္ခကလွတ်ချင်ရင် ဘာကိုမြင်အောင်ကြည့်ရမလဲ။
(ဒုက္ခကိုမြင်အောင်ကြည့်ရပါမယ်ဘုရား။)
ဒါဖြင့် ဒုက္ခသစ္စာဆိုတာ သိရမယ့်တရားလား၊
ပယ်ရမယ့်တရားလား။
(သိရမယ့်တရားပါဘုရား။)
ပြန်မေးမယ်။ ဒုက္ခသစ္စာဆိုတာ သိရမယ့်တရားလား၊
ပယ်ရမယ့်တရားလား။
(သိရမယ့်တရားပါဘုရား။)
ဒါဖြင့်သူတော်ကောင်းတို့ ဘာလို့ပယ်နေတာလဲ။
(မပယ်ပါဘူးဘုရား။)
အမယ်…။ ညောင်းရင်ပြင်တယ်လေ။ (ရယ်သံများ)
ယားရင် ကုတ်တယ်လေ။ (ရယ်သံများ)
ဒုက္ခသစ္စာဆိုတာ သည်းငြီးခံမှတ်မှ သိမှာ။ အဲဒါကို
သူတော်ကောင်းတို့က မနာမကျင်ပဲနှင့် ထိုင်ချင်တယ်
ဆိုကတည်းက ဒုက္ခကိုပယ်နေတာ။ သိရမယ့်တရားကို ပယ်နေရင်
ဘယ်တော့မှမသိဘူး။ မသိရင် မလွတ်ဘူး။ ဟုတ်ပြီနော်။
ဒုက္ခသစ္စာဆိုတာ သိရမယ့်တရားဆိုရင် ဟောစဉ်မှာ
သိရမယ့်တရား။ အလုပ်စဉ်မှာ သည်းငြီးခံ မှတ်ရတယ်။
အဲဒါကို ညောင်းရင်ပြင်လိုက်၊ ယားရင်ကုတ်လိုက်နဲ့။
တစ်နာရီ မပြင်ပဲနှင့်ထိုင်တာများ ကိုယ့်ကိုယ်ကို
ညှင်းဆဲတာတဲ့။ အမလေး…။ ဘုရားထက်တော်တဲ့
ပုဂ္ဂိုလ်တွေနှင့်လာတွေ့နေတယ်။ ဘုရားက အဲလို တစ်ခါမှ
မဟောဘူး။ အဲဒါ နဲနဲပါးပါးအယူအဆလေးတွေ မှန်အုံး။
ဆရာတော်လည်း ဟောသင့်ဟောထိုက်တာတွေ
ဟောပြီးသားဖြစ်မှာဘဲ။ အဲဒါတော့ အချိန်ရရင်
နဲနဲထည့်ပြောမယ်။
အဓိက အခုပြောချင်တာက ဒုက္ခဟာ ဘာလုပ်ရမယ့်တရား…။
(သိရမယ့်တရားပါဘုရား။)
ဆံပင်တွေဖြူလာတာ ဒုက္ခလား၊ သုခလား။
(ဒုက္ခပါဘုရား။)
ဒါဖြင့် သံဝေဂနှင့်ကြည့်တာလား။ ဆံပင်ဆိုးဆေး
ဆိုးတာလား။
(ရယ်သံများ)
ဒုက္ခကို သိအောင်လုပ်နေတာလား၊ ရှောင်နေတာလား။
(ရှောင်နေတာပါဘုရား။)
မျက်စိမှုန်တာ ဒုက္ခလား၊ သုခလား။
(ဒုက္ခပါဘုရား)
သံဝေဂနှင့်ကြည့်တာလား၊ မျက်မှန်ကိုင်းလှလှလေး
ဝယ်တပ်လိုက်တာလား။
ဟော… ဒါကံနယ်ဘဲရှိသေးတယ်။ ဟုတ်တယ်မဟုတ်လား။
ဉာဏ်နယ်မပါသေးဘူး။
အဲဒီတော့ ဒီနေ့ကစပြီး ဒုက္ခကို သံဝေဂဉာဏ်လေးနှင့်
မြင်အောင်ကြည့်။ ဟုတ်ပြီနော်။ ဒုက္ခကို မြင်အောင်
မကြည့်ရင် ဒုက္ခကဘာဖြစ်မှာလဲ။ မလွတ်ဘူး။
ဉာဏ်နယ်မှာကျတော့ အားထုတ်တဲ့အချိန်မှာ တော်ရုံတန်ရုံ
ဦးဇင်းတို့ပြောတာက တစ်နာရီမပြင်ရဘူး။
ဒီလိုမပြောဘူးနော်။
(မှန်ပါ့ဘုရား)
ဘာဖြစ်လို့လဲ။ တစ်ယောက်နှင့်တစ်ယောက်က မတူဘူး။
ဟုတ်ပြီလား။ အားထုတ်တဲ့ပုဂ္ဂိုလ်မှာ (၄)မျိုး ရှိတယ်။
ဒုက္ခပဋိပဒါ ခိပ္ပါဘိညာ၊ ဒန္ဓာဘိညာ၊ သုခပဋိပဒါ ခိပ္ပါဘိညာ၊
ဒန္ဓာဘိညာ ပုဂ္ဂိုလ်လေးမျိုးရှိတယ်။ အဲဒီတော့
ဆင်းဆင်းရဲရဲအားထုတ်ပြီး တရားတက်နှေးတာရှိတယ်။
တရားတက်မြန်တာရှိတယ်။ ချမ်းချမ်း သာသာအားထုတ်ရပြီး
တရားတက်နှေးတာ၊ တရားတက်မြန်တာရှိတဲ့အတွက် မိမိက
ဒုက္ခပဋိပဒါဆိုရင် ထိုင်တာနှင့်နာပြီသာမှတ်လိုက်တော့။
ဒါဖြင့်ရင်အရှင်ဘုရား။ အဲဒါဘာနှင့်ဆိုင်လဲဆိုတော့ သမထ
လုပ်ခြင်း မလုပ်ခြင်း၊ အကုသိုလ် များခြင်း၊
မများခြင်းနှင့်ဆိုင်တယ်။ ဟုတ်ပြီလား။
သမထလုပ်ထားတဲ့သူဟာ ထိုင်တဲ့အချိန်မှာ
ချမ်းချမ်းသာသာထိုင်ရတယ်။ အတိတ်တုန်းက။ ဒါဖြင့်
အတိတ်ဆိုတာ အရင်ဘ၀ကို ပြောတာမဟုတ်ဘူး။ အခုသူတော်ကောင်းတို့ မထိုင်ခင်မှာ မေတ္တာလေး ပို့မယ်၊
ဂုဏ်တော်လေးပွားမယ် ဥပမာ။ စကြံလျှောက်မှတ်နိုင်လည်း
မှတ်ပေါ့။ အကယ်၍ ရေရှည် အားထုတ်လာတဲ့အခါမှာ ၂၄နာရီ
မမှတ်နိုင်တဲ့ အခါမျိုးကျရင်၊
ဝိပဿနာ မရှုမမှတ်နိုင်တဲ့ အချိန်မှာ မေတ္တာပို့၊
ဂုဏ်တော်ပွားတာ သမထဘဲ။ ထိုင်လည်းထိုင်ရော ဘာဖြစ်လာလဲ။
ချမ်းချမ်း သာသာ ထိုင် ရတယ်။
နောက်တစ်ခု အကုသိုလ်များတဲ့သူ ဆင်းရဲတာဘဲ။
အကုသိုလ်နည်းတဲ့သူ ချမ်းချမ်းသာသာထိုင်ရတယ်။ ဒါကြောင့်
ဆင်းရဲခြင်း၊ ချမ်းသာခြင်းဟာ သမထ၊ ကုသိုလ်
အကုသိုလ်နှင့်ဆိုင်တယ်။ ဟုတ်ပြီနော်။
နောက်တစ်ခါ တရားတက် မြန်ခြင်းနှေးခြင်းဟာ
ဗဟုသုတနှင့်ဆိုင်တယ်။ တစ်နည်းအားဖြင့် ဉာတ ပရိညာ
နှင့်ဆိုင်တယ်။ အဲဒီတော့ တရားလည်း နာရမယ်။ တရားလည်း
အားထုတ်ရမယ်။ သဘောပါပြီနော်။
ဒါဖြင့် တစ်နာရီလုံး မပြင်နှင့်လို့ ဦးဇင်းမပြောဘူး။
အတတ်နိုင်ဆုံး သည်းငြီးခံပြီး ထိုင်ရမယ်။ ဘယ်လိုမှ
သည်းငြီးခံမမှတ်နိုင်ရင်တော့ ပြင်ရမယ်။ သို့သော်
ထိုင်နိုင်ရဲ့သားနှင့်လည်း မပြင်ရဘူး။ ဦးဇင်း ပြောတာ
ရှင်းရဲ့ လား။ (ရှင်းပါတယ်ဘုရား။)
အခုဟာက တချို့ က ငါးနာရီ၊ ခြောက်နာရီ မပြင်ပဲထိုင်။
အဲဒါလည်း ပယ်ရမှာဘဲ။ ဟုတ်ပြီနော်။ တရားထိုင်တယ်ဆိုတာ
လောဘ၊ ဒေါသနည်း အောင်ထိုင်တာ၊ မမှတ်နိုင်ပဲနဲ့
ကျိတ်မှိတ်ခံနေလို့ရှိရင် ဒေါသဘဲတိုးမှာပေါ့ဗျ။
ဟုတ်တယ်မဟုတ်လား။ အဲဒီတော့ ထိုင်ခါစပုဂ္ဂိုလ်ဟာ
ထိုင်နိုင်ဖို့ကို ဦးမတည်ရဘူး။ မှတ်နိုင်ဖို့ကို
ဦးတည်ရမယ်။ ဘာကိုဦးတည်ရမှာလဲ။
(မှတ်နိုင်မှုကို ဦးတည်ရမှာပါဘုရား။)
တရားဆိုတာ ထိုင်နိုင်လို့ရတာမဟုတ်ဘူး။
မှတ်နိုင်လို့ရတာ။ သို့သော် ထိုင်ခြင်းကိုလည်း
မပယ်ဘူး။ မှတ်လည်း မှတ်နိုင်တယ်။
ထိုင်လည်းထိုင်နိုင်တယ်။ အကောင်းဆုံးဘဲ။
မထိုင်နိုင်ခင်မှာ ဘာကို ဦးစားပေးရမှာလဲ။
မှတ်နိုင်ဖို့ကိုဦးစားပေးရမယ်။ အဲဒါလွဲနေတယ် အခု။
များသောအားဖြင့် သူများတွေကတော့ ထိုင်နိုင်တယ်။
ငါကတော့ မထိုင်နိုင်ဘူး။ ကဲ ကျိတ်မှိတ် ထိုင်မယ်
ဆိုတော့ ဒေါသဘဲ တိုးမှာပေါ့ဗျ။ အဲဒီတော့
ဟာ……မဟာစည်နည်းကလည်းကွာ။ ကောင်းတယ် ဆိုလို့လာထိုင်တာ။
အောင်မလေး နာလိုက်၊ ကျင်လိုက်တာ။
ငါအိမ်ပြန်ပြေးချင်ပြီ။ ဟော….။ ကဲ…၁၀ ရက်ပြည့်တော့
ဘာသိလဲ။ ငါတော့ ဘာမှမသိပါဘူး။ ငါဖြင့်
နာတာကျင်တာဘဲသိတယ်ဆိုရင် အဲဒါသေရော။ အဲဒီတော့ အဲဒီလို
မဖြစ်စေနဲ့။ ဟုတ်ပြီလား။
အရေးကြီးတာက မှတ်နိုင်သရွေ့မှတ်။ မမှတ်နိုင်ရင်
အမှတ်ကလေးနှင့်ပြင်ပေါ့။ သို့သော် လည်း
နောက်တစ်ချိန်ကျရင် နာရီဝက်မှာပြင်တယ်ဆိုရင်
နောက်တစ်ချိန်ငါ နာရီဝက် ထက်ကျော်အောင် မှတ်မယ်ဆိုတဲ့
နှလုံးသွင်းတော့ရှိရမယ်။ ဒါမှ တဖြေးဖြေးနှင့်
တိုးမှတ်နိုင်မှာပေါ့ဗျ။ သဘောပါပြီနော်။
ဒါကြောင့်မို့လို့ အဓိကက ထိုင်ခါစမှာ
ထိုင်နိုင်ဖို့နှင့် မှတ်နိုင်ဖို့။ ဘာကိုဦးတည်မှာလဲ။
(မှတ်နိုင်ဖို့ကို ဦးတည်ရပါမယ်ဘုရား။)
ဆရာတော့်ဦးဥက္ကဋ္ဌ ထေရုပ္ပတ္တိတော်
ဆရာတော် ဦးဥက္ကဋ္ဌ
တရားတော်များ
(မဟာစည်ဆရာတော်ဘုရားကြီး၏ ဥပနိဿယျခံ
မြစိမ်းတောင်ဆရာတော်ကြီး၏ တပည့် ဆရာတော်
ဦးဥက္ကဋ္ဌဟောကြားတော်မူသော "ဘ၀နှင့်ဝိပဿနာ" တရားတော်မှ
ကောက်နုတ် ဖော်ပြထားခြင်း ဖြစ်ပါသည်။)
Vimuttisukha
Bliss Facebook မှ ကူးယူးဖော်ပြပါသည်။
|