ကိုယ်ကအခုမှ သမာဓိလည်း ကျကျနနမရှိ၊ သတိလည်း ကောင်းကောင်း မရှိသေး ဆိုရင် ဆရာတော်ကြီးတွေ ဘာဟောသလဲ။ အဲဒီဟောတာကို မှတ်မိအောင် သေသေချာချာနာအုံး။ ထပ်ခါ ထပ်ခါနာလို့ မှတ်မိသွားပြီ၊ တရားအားထုတ်တာလည်းပဲ လနဲ့နှစ်နဲ့ အရှိန်ရလာပြီ ဆိုတော့ ဟော…ဆရာတော်ကြီး ဟောတာအမှန်ပဲ။ နားကတရားကိုနာ၊ ဉာဏ်ကခန္ဓာကိုလှည့်။


မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ

 

 

တရား စအားထုတ်ခါစ ယောဂီများအတွက် (ဓမ္မမှတ်စုများ-၃)


ဝတ္ထုတွေ ကျုပ်တို့ ဖတ်ဖူးမှာပေါ့ဗျာ။ ဝတ္ထုထဲမှာ တခါတည်း မြုပ်ပြီးတော့ ဝင်သွားတာတွေ မရှိဘူးလား? စိတ်ဝင်စားတာကိုးဗျ။ တစ်သံသရာလုံးက အပယ်ရောက်ကြောင်း စိတ်ဝင်စားခဲ့တာတွေ များတာကိုး။ ဟုတ်တယ် မဟုတ်လား။

အဲ…တရားကို စိတ်ဝင်စားရမယ်။ မြတ်စွာဘုရားဟောတဲ့ တရားဟာ မိမိကို ရည်ညွှန်းပြီးတော့ မိမိ မျက်နှာကို မြတ်စွာဘုရားက တည့်တည့်ကြီးကို ကြည့်ဟောနေသလို ဒီလိုကို စိတ်ဝင်စား ရမယ်…ဟုတ်လား။ အဲဒီလို စိတ်ဝင်စား နေတဲ့အခါကျတော့ မေဃိယက မြတ်စွာဘုရား ဟောတဲ့ တရားနောက် တခါတည်းပါသွားတယ်။ သြော်…ဟုတ်လိုက်တာ။ နားကလည်းပဲ တရားကိုနာတယ်၊ ဉာဏ်ကလည်း ခန္ဓာကိုလှည့်တယ်။ ဒါကရင့်ကျက်တဲ့ ပုဂ္ဂိုလ်တွေအတွက်ပေါ့။

ဒီနေရာမှာ ချွင်းချက်ရှိပါတယ်။ မရင့်ကျက်သေးတဲ့ ယောဂီတွေက နားကတရားနာ၊ ဉာဏ်ကခန္ဓာလှည့်။ ဒီလိုမလုပ်ပါနဲ့။ ဒါ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး ဟောထားတာ မှန်ပါ တယ်။ ကျေးဇူး တော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးက ရဟန္တာကြီးပဲ။ မှန်ကန်တဲ့တရားပဲ။ သို့သော်လည်းပဲ ဦးဇင်း ဆိုလိုတာက အတွေ့အကြုံ အခုမှ စခါစဆိုရင် ဉာဏ်လှည့်လို့ လွယ်ပါ့မလား။ အဲ…ကိုယ့်ခန္ဓာ ကိုယ်နဲ့ကိုယ် ချင့်ချိန်ပါ။

ဆရာတော်ကြီးတွေက အကုန်လုံး တရားရနေတော့ ဟုတ်တာ မှန်တာတွေပဲ ဟောတာ။ အမှန်တွေပဲ။ သို့သော်လည်းပဲ ကိုယ်ကအခုမှ သမာဓိလည်း ကျကျနနမရှိ၊ သတိလည်း ကောင်းကောင်း မရှိသေး ဆိုရင် ဆရာတော်ကြီးတွေ ဘာဟောသလဲ။ အဲဒီဟောတာကို မှတ်မိအောင် သေသေချာချာနာအုံး။ ထပ်ခါ ထပ်ခါနာလို့ မှတ်မိသွားပြီ၊ တရားအားထုတ်တာလည်းပဲ လနဲ့နှစ်နဲ့ အရှိန်ရလာပြီ ဆိုတော့ ဟော…ဆရာတော်ကြီး ဟောတာအမှန်ပဲ။ နားကတရားကိုနာ၊ ဉာဏ်က ခန္ဓာကိုလှည့်။ အဲဒီလို တရားနာရင်း နဲ့ကို တရားထူး၊ တရားမြတ်တွေ ရသွားနိုင်တယ်။

ကိုယ့်ရဲ့အပေါ်မှာ မူတည်တယ်။ ကိုယ့်ရဲ့ သတိ၊ သမာဓိ၊ ပညာ ဘယ်လောက် အားကောင်းသလဲ? ကိုယ့်ကိုယ်ကို ကြည့်ရင် မသိနိုင်ဘူးလား သူတော်ကောင်းတို့။ ကိုယ့်ကိုကိုယ်တော့ ဟန်မဆောင်ကြနဲ့။ သူများကိုတော့ လိမ်လို့ရမယ်။ ကိုယ့်ကိုကိုယ်တော့ လိမ်လို့မရဘူး။ ကိုယ်က အားမကောင်းသေးဘဲနဲ့ သွားကြည့်မယ်ဆိုရင် တရားလည်းကောင်းကောင်းမမှတ်မိတော့ဘူး။

တချို့က တရားဟောနေကာမှ ရှုးရှဲရှုးရှဲ လုပ်နေတယ်။ ဆရာတော်ကြီးတွေ တရားဟောနေတာတောင် ရှုးရှဲရှုးရှဲ တရားမှတ်နေတယ်။ တရားမှတ်နေတော့ ဘာဟောမှန်းမသိတော့ဘူး။ တရားဆိုတာ အစကတည်း ဆက်စပ်ပြီးတော့ ယူရတာမဟုတ်လား သူတော်ကောင်းတို့။

အဲ…ဉာဏ်ရင့်ကျက်သွားတော့ ရှုပါ။ တရားလည်းနာ၊ တရားလည်းရှု ။ တရားလည်းနာ၊ တရားလည်းရှု ။ ဒီတရားတွေ ထပ်ခါထပ်ခါ ဒီမှာနှစ်နဲ့ချီပြီး တရားနာဖူးတဲ့သူတွေ အများကြီးပဲ။ နှစ်နဲ့ချီနာထားတော့ အကုန်လုံးသိနေတယ်။ ဝေါဟာရလေး၊ ဘာလေး နည်းနည်းလေး ဇာတ်လမ်းလေး ကွဲတာ ပဲရှိတယ်။ သြော် ဒီသဘော ဆိုက်တာပဲ။ ဘိတ်ဆုံးကျတော့ သစ္စာလေးပါး ပြန်ဆိုက် တာပဲ။ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးနည်းနဲ့ ဟောကြားနေတဲ့ ဆရာတော်ဘုရားတွေလည်း ဘိတ်ဆုံးကျ ဖောင်းပိန် ပြန်ဆိုက်တာပဲ။ သတိပဋ္ဌာန်ဆိုက်တာပဲ။ အထိုက် အလျောက်သိနေတော့ တရားလည်းနာ တရားလည်းရှုလို့ရတယ်။

အခုမှ စခါစ ပုဂ္ဂိုလ်တွေကတော့ တရားကို သိအောင်နာပါ။ ဒီလိုဆိုလိုပါတယ် နော်။ ဆရာတော် ဘုရားကြီးတွေရဲ့ သြဝါဒ ကိုလည်း မပစ်ပယ်ပါဘုူး။ ဆရာတော်ဘုရားကြီးတွေရဲ့ ခြေအစုံကို အမြဲတမ်း ရှိခိုးနေတာပဲ။ အဲဒီတော့ မိမိရဲ ့ခန္ဓာကိုယ်ကိုကြည့်။ မိမိခန္ဓာကိုယ်အင်အား၊ သတိ၊ သမာဓိအား ဘယ်လောက်ရှိသလဲ။ ရှိရင်ရှိသလို သုံးရမယ်။
 

            
   (Share this page on Facebook
)

 

Typed By: Monica Pyone

Vimuttisukha Bliss Facebook မှကူးယူးဖော်ပြပါသည်။

 

ဆက်စပ်ဓမ္မမှတ်စုများ
သက္ကာယဒိဌိအရင်ဖြုတ်ပါ။ Click here
ပပဉ္စအမြင်၊ ဗြဟ္မစိုရ်အမြင်၊ သာသနာအတွင်းအမြင် Click here

ရေဥပမာတရားတော် (ပထမပိုင်း)  Click here